ငါ့အိမ်ငါ့နေရာ ငါပြန်သွားချင်တယ်

အငိုနှင့်စပြီးအငိုနှင့်အဆုံးသတ်တဲ့ဘဝမှာ
အရယ်အပြုံးအပျော်ရသတွေအစား
အငိုကို ပြိုဆင်းလာစေဖို့
တစ်နေ့တစ်မျိုး မရိုးတဲ့အပြင်
လက်နက်ကြီးနဲ့ထပ်ပစ်နေတုန်း
အနိစ္စသဘောမရောက်ရအောင်
ငါ့ကိုယ်ငါတရားမှတ်နေတယ်။

ငါတို့တတွေမျက်ရည်မပေါဘူး
ရိုးသားတဲ့တောင်သူတွေပါ
မဆလာအနံ့တထောင်းထောင်းနဲ့ဟင်းတစ်ခွက်အစား
ဆာလဖာကိုသောကဖြူ းပြီးစားနေရတော့
ရွာဦးကျောင်းရေကန်ထဲကရေတွေလို
အရေတွန့်ငါ့မျက်ကွင်းကြားကမျက်လုံးထဲ
ပူဆွေးမျက်ရည်တွေခန်းခြောက်လာတယ်။

ငါတို့တစ်နေ့ပြီးတစ်နေ့
အာဃာတကိုချက်စားကြရင်း
မမြင်ချင် မကြားချင် မတွေ့ချင်
စစ်အနိဌာရုံဇာတ်လမ်းတွေက
ဒါရိုက်တာမလို မင်းသားမလို
မင်းသမီးမလို ဇာတ်ပို့မလို ဇာတ်ရံမလို
တစ်ယောက်မှမလိုဘဲ
တစ်ကားပြီးတစ်ကားထွက်လာတယ်။

ငြိမ်းချမ်းရေးကအထာပေး မျက်စပစ်နေပေမဲ့
မျက်စိစပါးမွေးစူး ပုဂ္ဂိုလ်တွေရဲ့
အဲသလိုအပြောအလုပ်တွေက
ကိုယ်ချင်းစာတရားနတ္ထိဆိုတာ
ငါ့မြေးမလေးကိုမေးရင်တောင်သိနိုင်တယ်။

၂၀၁၆ ဗားရှင်းအသစ်နဲ့
ပုံစံပြောင်းထားပြီဆိုပေမဲ့
မျှော်လင့်ချက်က Upgrade မဖြစ်သေးတော့
ငြိမ်းချမ်းရေးက V1 ဆိုရင်
အမျိုးသားရင်ကြားစေ့ရေးက V2 လို့ပြောရလိမ့်မယ်။

တိုက်ပွဲတွေကြောင့်
ငါ့အသွေးအသားတို့နိုးထလာတယ်
ရခိုင်တွေကိုစည်းလုံးသွားစေတယ်ဆိုပေမဲ့
ဓာတ်ကူပစ္စည်းတွေကမှားနေတုန်းမို့
လိုချင်တဲ့ ရလာဒ်ကမထွက်နိုင်သေးတော့
ငါ့သား--တိုက်ပွဲကိုဆက်၍သာတိုက်။

ဆန္ဒတွေဘယ်လိုထုတ်ဖော်ထုတ်ဖော်
အာခေါင်ပေါက်အောင်ဘယ်လောက်ပြောပြော
သူတို့တတွေ မသိချင်ယောင်ဆောင်ထားဆဲမို့
ကိုယ်ချင်းစာတရားပြည့်စေဖို့
ထန်းတောကို ယမ်းမြေသြဇာကျွေးပြီးချိန်မှ
ငါ့အိမ်ငါပြန်ရောက်မယ်လို့ ငါယုံတယ်။

ရခိုင်လူမျိုး Dr.ညိုထွန်းအောင်
မေလ (၉) ရက် ၊တနလာၤနေ့၊ ၂၀၁၆ ခုနှစ်။
နေ့လည် ၁နာရီ ၃၇ မိနစ်။
မူရင်းဓာတ်ပုံပိုင်ရှင်အား ခရက်ဒစ်ပေးပါသည်။
ဗမာသူငယ်ချင်းတယောက်က သူနားလည်အောင် ရေးပေးပါဟုဆိုလာသောကြောင့် သူငယ်ချင်း နားလည်စေမည့် ဘာသာစကားဖြင့်ရေးပေးခြင်း ဖြစ်သည်။ ကျနော့် စာတွေကို အားပေးသော သူငယ်ချင်းအား ကျေးဇူးပါလို့။ မူရင်း ရခိုင်လို ရေးသားထားသော အချို့နေရာတွင် ကာရံကိုက်အောင် စာလုံး ၊စကားစုလိုတိုးပိုလျော့ အနည်းငယ်လုပ်ထားပါသည်။ ဒါပေမဲ့ ကဗျာ့ ရသ ပြောင်းမ သွားပါဘူး။

 Dr.Nyo Twan Awng