၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၅) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 26-Dec-2019

Nyo Twan Awng

ခရစ်စမတ်နေ့၌လည်း ပလက်ဝ၊ ဘူးသီးတောင်၊မြေပုံမြို့နယ်များ၌ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။ မြေပုံမြို့နယ်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်းရန်သူ့ဖက်မှ ရဟတ်ယာဉ်(၂) စီးဖြင့်လာရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ အရာရှိကြီးများထပ်မံသေဆုံးမှုများရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၅) ရက်၊ နံနက်(၉) နာရီခန့်မှစတင်ပြီး မြန်မာ့တပ်မတော်သည် ဘူးသီးတောင်မြို့နယ်၊ “အုတ်တောင်ရွာ”အရှေ့ ဖက်(၃.၃) ကီလိုမီတာအကွာအဝေးရှိ ပွိုင့်-၄၂၈ ကုန်းရှိမိမိတို့ရှိရာနေရာအားထပ်မံလာရောက် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော် ဤနေရာအား ဒီဇင်ဘာလ(၂၂) ရက်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်သည် စကခ(၁၅) ဘူးသီးတောင်၊တပ်မဌာနချုပ်မှ လက်နက်ကြီးများဖြင့် ပွိုင့်-၄၂၈ ကုန်းအား ဒီဇင်ဘာလ(၂၂/၂၃/၂၅) ရက်များ၌ မနက်ပိုင်းမှစ၍ တစ်နေ့လုံးနီးပါးအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ဒီဇင်ဘာလ(၂၄) ရက်နေ့၌ ရန်သူ၏ထိုးစစ်များ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုမရှိဘဲ ယနေ့ ခရစ်စမတ်နေ့၊ ဒီဇင်ဘာလ(၂၅) ရက်နေ့တွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်။ ဒီဇင်ဘာလ(၂၅) ရက်နေ့တွင် အဆိုပါပွိုင့်ကုန်းအားစကခ(၁၅) ဘူးသီးတောင်၊တပ်မဌာနချုပ်အတွင်းမှလက်နက်ကြီးများဖြင့်နေ့လည်(၁) နာရီခန့်မှစတင်ပြီးပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ နေ့လည်(၃) နာရီ(၀၆) မိနစ်တွင် ပစ်ခတ်တိုက်ခိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မိမိတို့ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ သေဆုံးသူနှင့် ဒဏ်ရာရသူအချို့ရှိခဲ့သည်။ သေဆုံးသူထဲတွင် ဘူးသီးတောင်၊ NLD ဥက္ကဋ္ဌ-ဦးရဲသိန်းမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။ မိမိတို့ဖက်မှလည်း ဒဏ်ရာရသူအချို့ရှိခဲ့သည်။ ဦးရဲသိန်းမှာ ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် မိမိတို့ခေါ်ယူစစ်ဆေးရန်ခေတ္တခေါ်ယူထားသူဖြစ်သည်။ ဒီဇင်ဘာလ(၂၅) ရက်၊ နံနက်(၇) နာရီခန့်အချိန်၌လည်းပလက်ဝမြို့နယ်၊ ပိန္နဲတပင်ရွာ၊အနောက်မြောက်ဘက် (၅.၃) ကီလိုမီတာအကွာအဝေးရှိ ပွိုင့် ၈၈၆ တောင်ကုန်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့အပြင် လွန်ခဲ့သောလေးရက်ကတည်းက( ဒီဇင်ဘာလ(၂၁) ရက်) တိုက်ပွဲဖြစ်ပွားနေခဲ့သော ပလက်ဝမြို့နယ်၊ နှုန်းဘူးရွာအနောက်တောင်ဘက် (၁.၅) ကီလိုမီတာအကွာအဝေးရှိတောင်ကြော၌ နံနက်(၁၁) နာရီ(၁၀) မိနစ်တွင်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ ညနေ (၃) နာရီခန့်တွင် ဟတ်စကီး(၁) စီးဖြင့် အရာရှိကြီးများဟုယူဆရသောကျဆုံးအလောင်းအချို့ကို နှုန်းဘူးဗျူဟာမှယူဆောင်သွားခဲ့ကြောင်းတွေ့ရှိရသည်။ မြေပုံမြို့နယ်၊စညှင်းရွာအရှေ့တောင်ဖက်၊ (၃.၅)ကီလိုမိတာအကွာအဝေးရှိတောင်ကြော(တနည်းအားဖြင့်) မြေပုံ-အမ်း မြို့နယ်ခြားမျဉ်းထက် တောင်ကြော၌နေ့လည်(၁၂) နာရီ(၃၀) မိနစ်မှစတင်၍တိုက်ပွဲဖြစ်ပွားခဲ့သည်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ တိုက်ပွဲမှာပြင်းထန်ခဲ့သည်။ ရန်သူသည်"ယောချောင်း" အနီးတွင်ရှိသောစခန်းမှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သကဲ့သို့ နေ့လည်(၂) နာရီ(၄၅) မိနစ်တွင် ဟတ်စကီး(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ရသည်အထိ တိုက်ပွဲသည်ပြင်းထန်ခဲ့သည်။ ရန်သူ့ဖက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင်အကျအဆုံးနှင့်ထိခိုက်မှုများထပ်မံရှိခဲ့သည်။ ခရစ်စမတ်ကာလအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this