မြန်မာ့တပ်မတော်မှထုတ်ပြန်သောသတင်းနှင့်ပတ်သက်၍ဖြစ်စဉ်ဖြစ်ရပ်အားသုံးသပ်ချက်

blog

Date : 17-Jul-2020

Nyo Twan Awng

မြန်မာ့တပ်မတော်၏သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်စွဲဖြင့် ထုတ်ပြန်သော " ရသေ့တောင်မြို့နယ်၊ ထီးစွဲ၊ အောင်သာဇေ နှင့် ကျောက်တန်းကျေးရွာတစ်ဝိုက်အခြေပြုနေသော (AA)  အား အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးပြုလုပ်" ဟုထုတ်ပြန်သောသတင်းနှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ရပ်အား သုံးသပ်ရှင်းလင်းချက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၇) ရက်



ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအပါအဝင် ၎င်းရွာပတ်ဝန်းကျင်ရှိ ရွာများစွာတို့အား( မိမိတို့ခန့်မှန်းအရ ရွာပေါင်း (၃၀) ကျော်) မြန်မာ့တပ်မတော်မှ "နယ်မြေရှင်းလင်းရေး" ပြုလုပ်သွားမည်ဟု ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၄) ရက်နေ့၌ ရသေ့တောင်မြို့၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့သည်။ သို့သော် နိုင်ငံတကာမိသားစုများမှ စိုးရိမ်ကြောင်းထုတ်ပြန်ကြေညာချက်ထုတ်ပြီးနောက် ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း လက်မှတ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၆) ရက် (၄၈ နာရီအတွင်း) ၌အဆိုပါအသိပေးချက်အားပယ်ဖျက်ခဲ့သည်။

သို့သော်လည်း မြန်မာ့တပ်မတော်သည် လက်တွေ့တွင် "နယ်မြေရှင်းလင်းရေး"အပါအဝင် ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုပြုလုပ်ရန် မရပ်မနားဆောင်ရွက်လျက်ရှိသည်။ တပြိုင်နက်တည်းတွင် ရသေ့တောင်အခြေစိုက်တပ်ရင်းများ၊ စစ်ဆင်ရေးစစ်ကြောင်းများသည် လက်နက်ကြီးများကို နေ့တိုင်းနီးပါး ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်လျက်ရှိနေသည်။ စစ်အင်အား၊ လက်နက်အင်အားများကိုလည်း ဆက်တိုက်ဖြည့်တင်းနေပေသည်။ ပလက်ဝ၊ အမ်း၊ မြေပုံမြို့နယ်များ၌လည်း အလားတူ လက်နက်ကြီးများဖြင့် ရပ်ရွာများအတွင်းသို့ ကြိုကြားကြိုကြားနေ့တိုင်းနီးပါးပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင်" ရသေ့တောင်မြို့နယ်၊ ထီးစွဲ၊ အောင်သာဇေ နှင့် ကျောက်တန်းကျေးရွာတစ်ဝိုက် အခြေပြုနေသော (AA )အားအကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးပြုလုပ်" ဟူ၍သတင်းထုတ်ပြန်ခဲ့သည်။ ယခုသတင်းအားမထုတ်ပြန်မီကတည်းကပင် မြန်မာ့တပ်မတော်သည် ၎င်းတို့၏ကြီးမားသောထိုးစစ်များအတွက် လိုအပ်သောပြင်ဆင်မှုများနှင့်အတူ ရက္ခိုင့်တပ်တော်အား နေရာအနှံ့တိုက်ခိုက်လျက်ရှိသည်။ မိမိတို့ဖက်မှ တိုက်ပွဲများမဖြစ်ပွားအောင်ထိန်းသိမ်းနေသောကြောင့် တိုက်ပွဲများမပြင်းထန်ရခြင်းဖြစ်သည်။

ကိုရိုနာကူးစက်ရောဂါ တားဆီးရေး၊ ထိန်းချုပ်ရေး နှင့် တိုက်ဖျက်ရေးကာလ၊ ရက္ခိုင့်တပ်တော်မှ တစ်ဖက်သတ်အပစ်ရပ်ထားသည့်ကာလများ၌ မြန်မာ့တပ်မတော်မှ ရသေ့တောင်မြို့၊ ကျောက်တန်းကျေးရွာ နှင့် ၎င်းကျေးရွာပတ်ဝန်းကျင်များအား ယခုကဲ့သို့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ကို ခုတုံးလုပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုပြုလုပ်ရသည်မှာ အောက်ပါအချက်များကြောင့်ဟု သုံးသပ်မိပါသည်။


(၁) ရခိုင်ပြည်၏ဆန်စပါးအဓိကစိုက်ပျိုးကြသောဒေသများထဲတွင် ရသေ့တောင်မြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မိုးရာသီစပါးစိုက်ပျိုးသည့်အချိန်၌ လယ်သမားများ စပါးစိုက်ပျိုး၍မရရှိစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်သည်။ လယ်ထွန်ယက်ခြင်းမပြုနိုင်စေရန်၊ စပါးစိုက်ပျိုး၍မရနိုင်ရန် လယ်ကွင်းအတွင်း မြန်မာ့တပ်မတော်မှ မိုင်းထောင်ခြင်း၊ လယ်သမားများအားခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းတို့အပြင် ပစ်ခတ်သတ်ဖြတ်၍သေဆုံးနေသူ၏ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်၍ လူအများမြင်သာအောင်လွှင့်ပစ်ထားခြင်း တို့ကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ပြုလုပ်နေခြင်းမှာ လာမည့်နှစ်၌ ရခိုင်ဒေသအတွင်း အငတ်ဘေးဖန်တီးရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကွက်ချစီစဉ်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

(၂) ရသေ့တောင်မြို့နယ်အတွင်းရှိကျောက်တန်းကျေးရွာကဲ့သို့ ကျေးရွာပေါင်းများစွာတို့သည် တိုက်ပွဲများကြောင့် ရွာလုံးကျွတ်စစ်ဘေးရှောင်ရွာများအဖြစ်သို့ရောက်ရှိခဲ့ရသည်။ ရွာစောင့်အနည်းငယ်သာကျန်သောကျေးရွာအချို့၊ နာမကျန်း၍ မထွက်ခွါနိုင်သောကြောင့် ကျန်ခဲ့သောသက်ကြီးပိုင်းအချို့သာရှိသော ကျေးရွာများအပါအဝင် ကျောက်တန်းကျေးရွာပတ်ဝန်းကျင်ရှိ ကျေးရွာများသည် ရွာသူရွာသားမဲ့ရွာများအဖြစ်သို့ခေတ္တရောက်ရှိခဲ့ရသည်။ မြန်မာ့တပ်မတော်သည် အဆိုပါကျေးရွာများကို အလုံးစုံဖျက်ဆီးလိုသောကြောင့် ယခုကဲ့သို့ မိုးတွင်းကာလ၌ ကြီးမားသောစစ်ဆင်ရေးကိုပြုလုပ်ရခြင်းဖြစ်သည်။ ရက္ခိုင့်တပ်တော်အားတိုက်ခိုက်နေခြင်းမဟုတ်ဘဲ တိုက်ပွဲအတုများဖန်တီးပြီး ရွာလုံးကျွတ် အလုံးစုံပျက်စီးရန် ပြုလုပ်နေခြင်းသာဖြစ်သည်။

(၃) Counter Terrorism Operation အကြမ်းဖက်နှိမ်နင်းရေးတိုက်ဖျက်ရေး ဟူသည်မှာ ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့တပ်မတော်မှသုံးစွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော Operation Clearance ကိုအစားထိုးသုံးစွဲခြင်းသာဖြစ်သည်။ စကားလုံးပြောင်းလဲသော်လည်း အနှစ်သာရ နှင့် လုပ်ရပ်မပြောင်းလဲဘဲ ရခိုင်ဒေသအတွင်းရှိ ဗမာမပါသောအခြားတိုင်းရင်းသားလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်ရန်( သို့မဟုတ်) လူမျိုးဖြုတ်ရှင်းလင်းရန်လုပ်ဆောင်နေခြင်းသာဖြစ်သည်။

(၄) အဆိုပါကျေးရွာများအတွင်း မြန်မာ့တပ်မတော်မှ အချိန်ကြာမြင့်စွာတပ်စခန်းချ၍ စစ်ဆင်ရေးများပြုလုပ်နေခြင်း၊ ၎င်းစခန်းချသည့်ကျေးရွာများအတွင်းမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းတို့ကို မြန်မာ့တပ်မတော်မှ ပြုလုပ်နေသည်ကို ကာယကံရှင်ဒေသခံရွာသူရွာသားများ အားလုံးအသိပင်ဖြစ်သည်။ ဤသည်ကို ဖုံးဖိကာကွယ်လိုသောကြောင့် " ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ အကာအကွယ်ယူနေသောကြောင့်(သို့) အခြေပြုနေရာယူနေသောကြောင့်" ဟူသော မြန်မာ့တပ်မတော်၏ ထုတ်ပြန်ချက်ပါစွပ်စွဲချက်မှာ သူခိုးကလူကိုပြန်ဟစ်သော အကြောင်းပြချက်မျိုးသာဖြစ်သည်။

မြန်မာ့တပ်မတော်၏ ယခုလက်ရှိလုပ်ဆောင်နေသောလုပ်ရပ်များနှင့် ယခင်လုပ်ဆောင်ခဲ့ပြီးသော လုပ်ရပ်များကိုသုံးသပ်ရသော် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအပါအဝင်ကျေးရွာပေါင်းများစွာတို့အား တိုက်ပွဲကိုအကြောင်းပြ၍ ဖျက်ဆီးရန်ကြံစည်နေသော လုပ်ရပ်၊ လာမည့်နှစ်၌အငတ်ဘေးကြုံရန် ကြံစည်သောလုပ်ရပ်များသာဖြစ်သည်ဟု သုံးသပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this