Date : 08-Aug-2024
သံတွဲအကျဉ်းထောင်၌ ဖက်ဆစ် စစ်ကောင်စီမှ
နိုင်ငံရေးပုဒ်မဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေး အကျဉ်းသားများ
အပါအဝင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုစသော ရာဇဝတ်မှု အသီးသီး
ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေကြသော အကျဉ်းသား (၃၇၂) ဦးကို အာရက္ခတပ်တော်မှ ဘေးလွတ်ရာသို့
ကယ်ထုတ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား ၎င်းတို့၏ မိသားစုနှင့်
နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေး
၂၀၂၄ ခုနှစ်၊ ဩဂုတ် (၈) ရက်
အာရက္ခဒေသတွင်းရှိ သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့်
သံတွဲမြို့ရှိ စစ်ကောင်စီ၏
တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့အား
အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၁၆) ရက်နေ့၊ ညနေ (၅) နာရီ (၃၀)
မိနစ်အချိန်၌ အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်တွင်
ပိတ်မိနေသော အကျဉ်းသားများအားလုံး (၃၇၂)
ဦးကို အာရက္ခတပ်တော်မှ ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်နိုင်ခဲ့ ပါသည်။
သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက်
(၇) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း
ဖက်ဆစ်စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂)
ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့သည်။
မိမိတို့ ကယ်ထုတ်လာခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား (၄၃)
ဦးပါဝင်ပြီး ထိုအထဲမှ (၂) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရပါသည်။ ကျန်နိုင်ငံရေးအကျဉ်းသား
(၄၁) ဦးထဲတွင် ရောဂါ၊ ဒဏ်ရာဖြင့်ပါလာသူများနှင့် ကျန်းမာရေးစောင့်ရှောက်ရန်
အရေးတကြီး လိုအပ်နေသောသူ (၁၇) ဦးတို့ကို မိမိတို့မှ ကောင်းမွန်စွာ
ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။
ယခင်ရက်များ၌ ရန်သူ၏ ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်း
အပြင် လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား
လိုက်လံရှင်းလင်း နေရခြင်းနှင့် လတ်တလော ရေကြီးနေမှုများကြောင့်
နိုင်ငံရေးအကျဉ်းသားများအားလုံးကို ဘေးကင်းလုံခြုံရာတွင် ခေတ္တနေရာချထားခဲ့ရသည်။
ယခုအချိန်တွင် လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိ ရှိပြီဖြစ်သောကြောင့်
၎င်းနိုင်ငံရေးအကျဉ်းသားများ အားလုံးကို ၎င်းတို့၏ နေအိမ်များနှင့်
မိသားစုများထံသို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ
(၆) ရက်နေ့မှစတင်ပြီး ပြန်လည် ပို့ဆောင်ပေးနေပြီဖြစ်သည်။
အဆိုပါ အကျဉ်းသား (၄၁) ဦးအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်
(ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်များ
ကောက်ယူစိစစ်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စံနှုန်းများအရ လိုအပ်သည့်
ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ် လိုအပ်လျက် ရှိသော စားဝတ်နေရေး
ထောက်ပံ့ကူညီမှုများကိုလည်း လုပ်ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများအား
မိမိတို့အနေဖြင့် ဆက်လက် ထိန်းသိမ်းထားလျက် ရှိကာ ၎င်းတို့ ကျူးလွန်ခဲ့သော
ပြစ်မှုများကို ပြန်လည်စစ်ဆေးလျက်ရှိပြီး တရားနည်းလမ်းကျကျ ကိုင်တွယ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်