၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၁/၂၂/၂၃) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ နှင့် မြန်မာစစ်တပ်၏လက်ရှိအခြေအနေ

blog

Date : 25-Oct-2019

Nyo Twan Awng

မြန်မာစစ်တပ်၏ရခိုင်ဒေသထိုးစစ်များအတွင်းအထိအခိုက်အကျအဆုံးများမှာ တစ်ရက်ပြီးတစ်ရက်မြင့်မားလျှက်ရှိသည်။ မြန်မာစစ်တပ်ထဲမှ ထွက်ပြေးနေကြသည့်တပ်သားအရေအတွက်မှာလည်းတစ်ရက်ထက်တစ်ရက်ပိုမိုများပြားလာသည်။လူမျိုးရေးခွဲခြားမှုကြောင့် မြန်မာစစ်တပ်ထဲမှအကြောင်းအမျိုးမျိုးပြကာနှုတ်ထွက်လိုသူများမှာလည်း ပိုမိုများပြားလျှက်ရှိသည်။ ရခိုင်ပြည်တွင်တာဝန်မထမ်းဆောင်လိုသည့် အရာရှိများမှာလည်း အကြောင်းအမျိုးမျိုးပြကာတပ်ပြောင်းရန်ကြိုးစားလျှက်ရှိကြသည်။ ရခိုင်လူမျိုးမြန်မာစစ်သားများမှာလည်း အမျိုးသားရေးအသိအမြင်ပွင့်လင်းပြီးရက္ခိုင့်တပ်တော်ဖက်သို့နေ့တိုင်းကူးပြောင်းလျှက်ရှိသည်။ ရက္ခိုင့်တပ်တော်အားစစ်ရေးအရရှုံးနိမ့်နေမှုများကို ကာကွယ်ရန်နှင့် စိတ်ဓာတ်ကျဆင်းနေမှုများကိုဖုံးဖိရန်အတွက် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကိုမြန်မာစစ်တပ်သည် နေ့ညအချိန်မရွေးပြုလုပ်လျှက်ရှိသည်။ မြန်မာစစ်တပ်ဖက်မှလက်နက်ကြီးပစ်ခတ်နေသည့်နေရာပတ်ဝန်းကျင်နှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်နေရာများရှိပြည်သူလူထုများမှာ တချိန်လုံးစိုးရိမ်ကြောက်လန့်နေကြရသည်။ ထို့အပြင် လက်နက်ကြီးကျည်ဆံများကြောင့် အရပ်သားပြည်သူလူထုသေဆုံးမှု၊ ဒဏ်ရာရမှု၊ လူနေအိမ်များထိခိုက်ပျက်စီးမှု၊ လက်နက်ကြီးကျရောက်မည်ကိုစိုးရိမ်၍အိုးအိမ်စွန့်ခွာရသည့်ပြည်သူများမှာလည်းမြင့်တက်လျှက်ရှိသည်။ ထို့အပြင် မြန်မာစစ်တပ်ဖက်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်၍ အရပ်သားများသေဆုံးမှု၊ဒဏ်ရာရမှုများရှိပါက တာဝန်ခံမှု၊တာဝန်ယူမှုကင်းမဲ့စွာဖြင့် ပြောဆိုနေသည့် မြန်မာစစ်တပ်၏ သတင်းမှန်ပြန်ကြားရေးတာဝန်ခံများကြောင့် ကာယကံရှင်ပြည်သူလူထု၏ စိတ်ထဲတွင်နာကျည်းမှုများပြည့်နှက်ကာ အမုန်းတရားများကိုတိုးပွားလျှက်ရှိပြီး လက်စားချေတုံ့ပြန်လိုသူများမှာပိုမိုများပြားလျှက်ရှိသည်။ ရခိုင်ဒေသအတွင်းရှိပြည်သူလူထုများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး စိုးရိမ်ထိတ်လန့်မှုကိုပေးနေသော ကျောက်တော်၊ အမှတ်(၃၇၇) အမြောက်တပ်ရင်းအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၃) ရက်၊ နံနက်(၄) နာရီ(၃၀) ပတ်ဝန်းကျင်တွင် ရက္ခိုင့်တပ်တော်မှလက်နက်ကြီးဖြင့်သတိပေး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် နံနက်(၆) နာရီခန့်တွင်အမှတ်(၃၇၇)အမြောက်တပ်ရင်း မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအတွင်းကျရောက်ပေါက်ကွဲ၍အရပ်သား(၂) ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၃) ရက်၊ ပလက်ဝမြို့နယ်အတွင်းရှိ ပွိုင့်(၈၂၅) ကုန်းပတ်ဝန်းကျင်တွင် နေ့လည်(၂) နာရီ(၅၀) မိနစ်ခန့်တွင် မိနစ်အနည်းငယ်ကြာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သည်။ အောက်တိုဘာလ(၂၂/၂၃) ရက်နေ့များတွင် မင်းပြားမြို့နယ်၊ ကျော်ကရွာ၊ အရှေ့မြောက်ဖက်တွင် မြန်မာစစ်တပ်၏ထိုးစစ်အား ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံတိုက်ခိုက်ခဲ့သည်။ ဤပတ်ဝန်းကျင်၌တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။အောက်တိုဘာ(၂၂) ရက်၊ညနေ(၄) နာရီခန့်အချိန်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာ(၂၃) ရက်နေ့၌လည်း ရဟတ်ယာဉ်(၂) စီးဖြင့် စစ်ကူများ၊ လက်နက်ခဲယမ်းများကိုထပ်မံဖြည့်တင်းလျှက်ရှိသောကြောင့် နောက်နေ့များတွင် မြန်မာစစ်တပ်ဖက်မှ ထိုးစစ်အရှိန်ထပ်မံမြှင့်တင်မည့်အလားအလာများကိုတွေ့မြင်နေရသည်။ ""မြန်မာစစ်တပ်ဖက်မှ မိမိတို့အားပြင်းထန်စွာထပ်မံထိုးစစ်ဆင်နေမည်ဆိုပါက မိမိတို့အနေဖြင့် မဟာမိတ်ညီနောင်များနှင့်လက်တွဲကာလုပ်သင့်လုပ်ထိုက်သည်များကိုထပ်မံလုပ်ဆောင်သွားမည်"" အောက်တိုဘာလ(၂၁) ရက်နေ့တွင်- (က)ပုဏ္ဏားကျွန်းမြို့နယ်၊ မြတ်လှဲရွာ အနောင်တောင်ဖက်(၂.၆) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင်လည်းကောင်း (ခ)ပုဏ္ဏားကျွန်းမြို့နယ်၊ဗုဒ္ဓေါရွာအနောက်ဖက်တွင်လည်းကောင်း (ဂ)မင်းပြားမြို့နယ်၊ နရမ်းရွာအနီးတွင်လည်းကောင်း ထိတွေ့တိုက်ခိုက်မှုများရှိခဲ့သည်။ အောက်တိုဘာလ(၂၂) ရက်နေ့တွင်- (က) ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရား နှင့် သရက်တပင်ရွာ အကြားတွင်လည်းကောင်း၊ (ခ) ကျောက်တော်မြို့နယ်၊ခပေါ်ရွာ နှင့် အထက်တင်းမရွာအကြားတွင်လည်းကောင်း၊ (ဂ) မင်းပြားမြို့နယ်၊ ကျော်ကရွာ၊ အရှေ့မြောက်ဖက်တောင်တန်းတွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ(၂၃) ရက်နေ့တွင် (က) မင်းပြားမြို့နယ်၊ လက်ခုတ်ရွာ နှင့် စိတ္တရရွာ အကြားတွင်လည်းကောင်း၊ (ခ) မြောက်ဦးမြို့နယ်၊ တိမ်ညိုရွာ နှင့် ဘူးရွက်မညိုးရွာအကြားတွင်လည်းကောင်း ထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ ရခိုင်ဒေသအတွင်းတိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက်ပိုမိုပြင်းထန်လာခြင်းနှင့်အတူ မြန်မာစစ်တပ်၏ပွင့်လင်းရာသီထိုးစစ်မှာလည်းရခိုင်ဒေသအနှံ့ဆက်လက်ပြုလုပ်လျှက်ရှိသည်။ မိမိတို့အနေဖြင့် မြန်မာစစ်တပ်၏ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကိုအကောင်းဆုံးခုခံရင်း စစ်ရေးဖိအားများကိုလျော့ချနိုင်ရန် လိုအပ်လျှင်လိုအပ်သလို ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့်ဆက်လက်လုပ်ဆောင်သွားမည်။ သုံးရက်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း မြန်မာစစ်တပ်ဖက်မှသေဆုံးသူ(၁၅) ဦးခန့်ရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများလည်း(၁၀) ဦးကျော်ရှိခဲ့သည်။ မိမိတို့ဖက်မှလည်း တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့သော စစ်သည်တော်(၁) ဦးရှိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this