၂၀၂၀ပြည့်နှစ်၊ဇူလိုင်လ(၂၄/၂၅/၂၆/၂၇/၂၈) ရက်များအတွင်းရခိုင်ပြည်တိုက်ပွဲသတင်းများနှင့် ဒေသအခြေအနေ

blog

Date : 29-Jul-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၄/၂၅/၂၆/၂၇/၂၈) ရက်များအတွင်း ရခိုင်ပြည်တိုက်ပွဲသတင်းများ နှင့် ရခိုင်ဒေသအခြေအနေများ

28, July, 2020

၂၀၂၀ ပြည့်၊ ဇူလိုင်လ၊ စတုတ္ထအပတ်အတွင်း ရခိုင်၊ ပလက်ဝဒေသအတွင်း တိုက်ပွဲများနေ့တိုင်းရှိခဲ့သည်။ အထူးသဖြင့် ရန်သူသည် လက်နက်ကြီးများကိုအဓိကထားပြီး နေရာအနှံ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက် နေခဲ့သည်။ ထိုကဲ့သို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အမ်းမြို့နယ်အတွင်းရှိ အရပ်သားပြည်သူလူထုအချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့မှစတင်ပြီး မြန်မာ့တပ်မတော်သည် လက်နက်ကြီး၊ လေကြောင်းပစ်ကူ၊ စစ်အင်အားအလုံးအရင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အောင်သာစည်( အောင်သာဇေ) ပတ်ဝန်းကျင်ရှိ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ထိုးစစ်ဆင်သည့်တစ်ပတ်အတွင်း ရန်သူ့ဖက်မှအထိအခိုက်အကျအဆုံးများပြားခဲ့သည်။ ထို့ကြောင့် ရန်သူသည် မြေပြင်မှထိုးစစ်ဆင် တိုက်ခိုက်မှုမပြုလုပ်ဘဲ လက်နက်ကြီးများဖြင့် အဝေးမှသာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကို ပလက်ဝ နှင့် အမ်းမြို့နယ်များ၌ ခပ်စိပ်စိပ်ပြုလုပ်နေခဲ့သည်။

ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မြေပုံ၊ အမ်းမြို့နယ်များ၌ မြန်မာ့တပ်မတော်သည် ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုမပြုလုပ်ဘဲ အရပ်သားပြည်သူလူထုများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

ဒေသခံ ပြည်သူလူထုများကို ဦးတည်သတ်ဖြတ်နေသော၊ ခြိမ်းခြောက်နေသော မြန်မာ့တပ်မတော် ၏ တပ်ဖွဲ့၊ တပ်ရင်းများ၊ မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးတွင်ပူးပေါင်းဆောင်ရွက်နေသူများကို လက်စားချေ တုံ့ပြန်သွားမည်။

ယခုရက်သတ္တပတ်တိုက်ပွဲများအတွင်း၌လည်း ရန်သူ့ထံမှ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းအချို့၊ ရန်သူ့အလောင်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားရအောင် ထိန်းထိန်းသိမ်းသိမ်းနေသော်လည်း မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ ထိုးစစ်များကို နေရာအနှံ့အရှိန်အဟုန်မြှင့် ဆက်လက်ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်လာရခြင်းဖြစ်သည်။ စစ်အင်အား၊ လက်နက်ခဲယမ်းများကို မြန်မာ့တပ်မတော်မှ ဆက်လက်ဖြည့်တင်းနေသည့်အပြင် ကြီးမားသောထိုးစစ်များကို ထပ်မံပြုလုပ်ရန်ပြင်ဆင်နေသောကြောင့် နောက်ရက်များ၌ တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်။

(၁) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၈) နာရီ (၂၅) မိနစ်တွင် ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာ၊ အရှေ့တောင်ဖက် ၊ ရန်ကုန်-စစ်တွေ ကားလမ်းမအနီးတွင်လည်းကောင်း၊

(၂) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့၊ နံနက် (၉) နာရီ(၂၃) မိနစ်တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ခွဆုံရွာ နှင့် မင်းရွာအကြား (ရန်ကုန်-စစ်တွေ ကားလမ်းမ) ထက်တွင်လည်းကောင်း

(၃) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နံနက် (၆) နာရီ (၃၆) မိနစ်တွင် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ တရဂူရွာအနောက်ဖက် (၁.၆)ကီလိုမီတာ ခန့်အကွာအဝေး၌လည်းကောင်း၊

(၄) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နေ့လယ် (၁) နာရီ (၀၈) မိနစ်တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကံရွာ နှင့် ခလောင်းရွာဟောင်းကြားတွင်လည်းကောင်း၊

(၅) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်၊ ညနေ(၃) နာရီ(၂၀) မိနစ်တွင် ပလက်ဝမြို့နယ်ရှိ ပွိုင့် (၈၂၅) ကုန်းပတ်ဝန်းကျင်တွင်လည်းကောင်း၊

(၆) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၈) ရက်၊ နံနက် (၈) နာရီ (၄၂) မိနစ်တွင် ပလက်ဝမြို့နယ်ရှိ ပွိုင့် (၉၈၂) ကုန်းပတ်ဝန်းကျင်တွင်လည်းကောင်း ထိတွေ့မှု၊ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်



Share on social

You may also like this