၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၀/၂၁/၂၂)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 23-Jul-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၂)ရက်

 မြန်မာ့တပ်မတော်သည်လက်နက်ကြီး၊ လေကြောင်းပစ်ကူ၊ စစ်အင်အားအလုံးအရင်းများဖြင့် ရခိုင်ပြည်၊ရသေ့တောင်မြို့နယ်၊ အောင်သာစည်( အောင်သာဇေ) ပတ်ဝန်းကျင်ရှိ မိမိတို့တပ်ဖွဲ့ဝင်များအား၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၆) ရက်နေ့မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
 
 ဇူလိုင်လ(၂၀/၂၁/၂၂) ရက်နေ့များ၌ မြန်မာ့တပ်မတော်သည် မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်မှုများထက် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကိုသာအဓိကပြုလုပ်နေခဲ့သည်။ ရံဖန်ရံခါ မြေပြင်မှထိုးစစ်ပြုလုပ်ရန်ကြိုးစားသော်လည်း ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံနိုင်ခဲ့သောကြောင့်ရန်သူသည်ရှေ့ဆက်မတိုးနိုင်ဘဲတပ်လန်လျက်ရှိသည်။
 
 တစ်ပတ်တာကာလမြန်မာ့တပ်မတော်၏ ရက်ဆက်ထိုးစစ်များအတွင်း မြန်မာ့တပ်မတော်ဖက်မှအထိအခိုက်အကျအဆုံးများခြင်း၊ တိုက်လိုခိုက်လိုစိတ်မရှိခြင်းတို့နှင့်အတူ ထွက်ပြေးသူ မြန်မာ့တပ်မတော်သားအရေအတွက်များမှာလည်းပိုမိုများပြားလျက်ရှိသည်။ ကျောက်တန်းရွာနယ်မြေရှင်းလင်းရေးတစ်ပတ်တာအတွင်း မြန်မာ့တပ်မတော်ဖက်မှ (၅၀) ထက်မနည်းသေဆုံးခဲ့ပြီးဖြစ်သည်။

 တပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်သာမက ရခိုင်နှင့်အခြားစစ်မြေပြင်များတွင်မသုံးဖူးသေးသော လက်နက်ပစ္စည်းများကိုသုံးစွဲကာရသေ့တောင်(ကျောက်တန်း)၊ မင်းပြား( ဖားပြို) ပတ်ဝန်းကျင်များ၌ ကြီးမားသောထိုးစစ်များကို မြန်မာ့တပ်မတော်မှ အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ရန်သူ့ထိုးစစ်အားမိမိတို့မှအကောင်းဆုံးတုံ့ပြန်နိုင်ခဲ့သည့်အပြင် ရန်သူအလောင်းအချို့နှင့်လက်နက်ခဲယမ်းအချို့ကိုလည်းမိမိတို့သိမ်းဆည်းရမိခဲ့သည်။
 
 ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၀) ရက်၊ ညနေ(၉) နာရီခန့်တွင် ရခိုင်ပြည်အနှံ့၊ လှည့်လည်သောင်းကျန်းခဲ့ပြီး ဒေသခံပြည်သူလူထုများကို လက်ရဲဇက်ရဲသတ်ဖြတ်နေသောမြန်မာ့တပ်မတော်၏စစ်ရာဇဝတ်ကောင်များပါဝင်သည့် စစ်ကား(၅) စီးပါ စစ်ယာဉ်တန်း နှင့် ရက္ခိုင့်တပ်တော်၊ လှုပ်ရှားစစ်ကြောင်းတို့သည် မင်းပြားမြို့၊ ဖားပြို(ချင်း) နှင့် ဖားပြို( ရခိုင်)ရွာအနီးရန်ကုန်-စစ်တွေ ကားလမ်းမထက်၌လည်းကောင်း၊ အခြားနေရာ(၃) နေရာ၌ ရန်သူ့စစ်ကူတပ်များနှင့်လည်းကောင်းတိုက်ပွဲများတစ်ညလုံးတောက်လျောက်ဖြစ်ပွားခဲ့သည်။
 
 ရန်သူ့စစ်ကား(၅) စီးထဲမှ (၂) စီးအား ရက္ခိုင့်တပ်တော်မှအလုံးစုံထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။ အခြားသောကား(၃) စီးကိုလည်း အလုံးစုံမဟုတ်သည့်တိုင် ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။ ဖမ်းဆီးရမိသောသုံ့ပန်းများနှင့် မိမိတို့အာရက္ခစစ်သည်တော်များ၏ပြောကြားချက်အရ စစ်ရာဇဝတ်ကောင်အနည်းဆုံး(၅၀) ခန့်သေဆုံးနိုင်ပြီး ဒဏ်ရာအမြောက်အမြားရရှိသူများလည်း(၂၀) ကျော်ထပ်မံရှိနိုင်သည်။ ရန်သူ့စစ်ကားများထဲမှ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုသိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

 
 


မြန်မာ့တပ်မတော်သည်စစ်အင်အား၊ လက်နက်အင်အားများကို တိုက်ပွဲဖြစ်ပွားရာနေရာများသို့ထပ်မံဖြည့်တင်းနေသောကြောင့် ဇူလိုင်(၂၁/၂၂) ရက်နေ့၌လည်း ဖားပြိုရွာ၊ မြောက်ဖက် နှင့်အရှေ့ဖက်တောင်တန်း၌တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးသူများဆက်လက်ရှိခဲ့သည်။
 
 မြန်မာ့တပ်မတော်သည် ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်အတွင်း အထိနာနေသောကြောင့်၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၁) ရက်၊ ညနေ(၅) နာရီ(၁၀) မိနစ် နှင့် (၆) နာရီ(၁၀) မိနစ်အကြားတွင် ကျောက်ဖြူမြို့၊ သစ်ပုတ်တောင်ရေတပ်စခန်းမှ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့၍ စေမော်ရွာ၊ စစ်တောရွာ ၊ ကြံချိုင်ရွာပတ်ဝန်းကျင်များ၌ကျရောက်ပေါက်ကွဲခဲ့သည်။ မြန်မာ့တပ်မတော်၏လက်နက်ကြီးကျည်အချို့သည် ကျောက်ဖြူ- ယူနန်ဂစ်ပိုက်လိုင်းအနီးကျရောက်ပေါက်ကွဲခဲ့သည်။
 
 အလားတူ ပစ်ခတ်တိုက်ခိုက်ခဲ့မှုမျိုးကို မြန်မာ့တပ်မတော်သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၃၀) ရက်နေ့တွင် ပျားတဲရွာ အနီး၌ပြုလုပ်ခဲ့သည်။ ၎င်းနေ့ရက်၌လည်း ပျားတဲရွာအား မြန်မာ့တပ်မတော်သည်ရွာထိပ်နှစ်ဖက်စလုံးမှပိတ်၍ ရွာသူရွာသားများအား လက်နက်ဖြင့်ခြိမ်းခြောက်ရုံသာမက ရွာထဲ၌ သေနတ်များပစ်ခတ်ခဲ့သည်။
 
 မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားရအောင် ထိန်းထိန်းသိမ်းသိမ်းနေသော်လည်း မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ ထိုးစစ်များကိုနေရာအနှံ့အရှိန်အဟုန်မြှင့်ဆက်လက်ပြုလုပ်နေသောကြောင့်ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်လာရခြင်းဖြစ်သည်။
 
 သတင်းနှင့်ပြန်ကြားရေး
 ရက္ခိုင့်တပ်တော်


Share on social

You may also like this