၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက် နှင့် (၉) ရက်နေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 12-Nov-2019

Nyo Twan Awng

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ "ဇီးခေါင်းရွာ" နှင့် "ကျောက်ပြင်ဆိပ်ရွာ"အကြားတွင် အင်အား(၂၅၀) ခန့်ပါသောဗမာလူမျိုးရေးအစွန်းရောက်နယ်ချဲ့တပ် နှင့်ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ နံနက်(၁၀) နာရီ(၃၀) မိနစ်တွင် မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားနေသည့် အဆိုပါစစ်ကြောင်းအား မိနစ်အနည်းငယ်ခန့်ဟန့်တားတိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်။ ညနေ(၅) နာရီခန့်တွင်လည်း အဆိုပါစစ်ကြောင်းအား ရက္ခိုင့်တပ်တော်မှ မိနစ်(၂၀) ခန့်ထပ်မံတိုက်ခိုက်ခဲ့သည်။ ညနေပိုင်းတိုက်ခိုက်အတွင်း ရန်သူ့ဖက်မှ (၄) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများထပ်မံရှိခဲ့သည်။ နံနက်ပိုင်းတိုက်ပွဲမဖြစ်ခင်ကတည်းကပင်ရန်သူသည် လက်နက်ကြီးများဖြင့် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ နိုဝင်ဘာလ(၈) ရက်နေ့တွင် မိမိတို့အဖို့ ရင်ဆိုင်တိုက်ပွဲများမရှိခဲ့သော်လည်း ရန်သူ့ဖက်မှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများရံဖန်ရံခါရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၉) ရက်၊နံနက်(၈) နာရီ(၄၅) မိနစ်တွင်လည်း ပလက်ဝမြို့နယ်၊ "တုံ့မဝရွာ" အနီး၌ မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသော မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှမျက်မြင်(၃) ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူအချို့လည်းရှိခဲ့သည်။ မိမိတို့ဖက်မှ တစုံတရာထိခိုက်မှုမရှိခဲ့ပါ။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၉) ရက်နေ့တွင် မြေပုံမြို့နယ်၊ရွာသာယာကျေးရွာ အရှေ့မြောက်ဘက်ရှိ တောင်တန်း နှင့် ယိုးဆနွင်းကျေးရွာအရှေ့ဘက် တောင်တန်းများအားတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာစစ်တပ်သည် ရဟတ်ယာဉ်(၃) စီးပေါ်မှ စက်သေနတ်၊ရော့ကတ်များဖြင့်နံနက်(၁၀) နာရီမှ နံနက်(၁၀) နာရီ (၃၀) မိနစ်အထိ မိနစ်သုံးဆယ်ကြာ,လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this