၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 03-Nov-2019

Nyo Twan Awng

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁) ရက်နေ့၊ နံနက်(၁၁) နာရီခန့်မှစ၍ မြန်မာစစ်တပ်၏ ကံဇောက်၊ခမရ(၅၃၉) တပ်ရင်းမှနေ၍လက်နက်ကြီးများဖြင့်နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ခမရ(၅၃၉) တပ်ရင်းမှနေ့ညအချိန်မတော်,တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဤကဲ့သို့ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာကာလအတန်ကြာခဲ့ပြီဖြစ်သည်။ ထို့အတူမြန်မာစစ်တပ်သည် ရေတပ်စစ်သဘောၤများပေါ်မှနေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများကိုရံဖန်ရံခါပြုလုပ်လျှက်ရှိသည်။ ထို့အပြင် စစ်လက်နက်ခဲယမ်း၊ စစ်အင်အားတိုးခဲျ့ခြင်းများကိုပါ စစ်သဘောၤ၊ အရပ်သားသဘောၤများကိုအသုံးပြုလျက်ရှိသောကြောင့် မိမိတို့အနေဖြင့် ဟန့်တားတိုက်ခိုက်ခြင်း၊သတိပေးပစ်ခတ်တိုက်ခိုက်ခြင်းများကိုရံဖန်ရံခါပြုလုပ်ခဲ့သည်။ နိုဝင်ဘာလ(၁) ရက်၊ နေ့လည်(၁၁) နာရီ(၅၀) မိနစ်တွင် မြန်မာစစ်တပ်၏ စစ်သဘောၤတစ်စင်းအား ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းမှ ရသေ့တောင်မြို့နယ်၊ ထီးစွဲရွာအနောက်ဖက်(၁.၄) ကီလိုမီတာအကွာအဝေးရှိ၊ ငစံဘော်ချောင်းဝ(မြောချောင်းဝ) မြန်မာစစ်တပ်၏ စစ်ဘောၤတစ်စီးအား ရက္ခိုင့်တပ်တော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ၎င်းစစ်သဘောၤပေါ်မှ တစ်နာရီခန့် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။အရပ်သားများနှင့် ကျေးရွာများအတွင်းလက်နက်ကြီးများကျရောက်ခြင်းရှိ-မရှိလောလောဆယ်မသိရသေးပါ။ ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ(၁) ရက်၊ နံနက်(၁၀) နာရီ (၃၆) မိနစ် နှင့် နံနက် (၁၁) နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာရွာ၊အရှေ့တောင် နှင့် အရှေ့မြောက်ဖက်တောင်တန်းပေါ်တွင် မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ(၁) ရက်၊ နေ့လည်(၁၁) နာရီခန့်တွင် မောင်တောမြို့နယ်၊ အရှေ့တောင်ဖက်(၄.၃) ကီလိုမီတာအကွာအဝေးရှိကားလမ်းမထက်တွင် စစ်ဆင်ရေးအတွက်သွားလာနေကြသော မြန်မာစစ်တပ်၏ စစ်ကား(၃၂) စီးပါယာဉ်တန်းအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုအတွင်း စစ်ကားတစ်စီးအားပျက်စီးအောင်ပြုလုပ်နိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ(၁) ရက်၊ နေ့လည်(၁) နာရီခန့်တွင် မြေပုံမြို့နယ်၊ ရက်ချောင်းရွာအနီးတွင်လည်း စစ်အင်အားဖြည့်တင်းနေသော မြန်မာစစ်တပ်၏ စစ်ကား(၉) စီးပါစစ်ယာဉ်တန်းအား ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းမှ ထပ်မံ၍ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ တစ်နာရီကျော်ကြာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ရန်သူ့ဖက်မှ (၃) ဦးသေဆုံးခဲ့ပြီး စစ်ကားတစ်စီးအားသွားလာ၍မရနိုင်အောင်ပြုလုပ်နိုင်ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this