၂၀၂၀၊ဇူလိုင်(၆)ရက်နေ့ထုတ်ပြန်သောသတင်းနှင့်ပတ်သက်၍ULA/AAနှင့်ပတ်သက်မှုမရှိကြောင်းထုတ်ပြန်ကြေညာချက်

blog

Date : 09-Jul-2020

Nyo Twan Awng



တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်(၆) ရက်နေ့ထုတ်ပြန်သောသတင်းနှင့်ပတ်သက်၍  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်နှင့် "လုံးဝ" ပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ကြေညာချက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၉) ရက်

မြန်မာ့တပ်မတော်၏ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် " ချွတ်ပြင်ကျေးရွာ နှင့် မောင်နုကျေးရွာဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းဆောင်ရွက်သွားမည့်အကြောင်းအရာနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၆) ရက်နေ့စွဲဖြင့်သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အစပထမထုတ်ပြန်ခဲ့သောသတင်းအတိုင်းကိုးကား၍ မြန်မာအစိုးရပိုင်သတင်းစာနှစ်ခုဖြစ်သော မြန်မာ့အလင်း နှင့် ကြေးမုံ သတင်းစာတို့တွင် ထပ်ဆင့်ဖော်ပြခဲ့ကြသည်။ သို့သော်နောက်ပိုင်းတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် ၎င်းတို့ထုတ်ပြန်ချက်၌ AA နေရာတွင် ARSA အားအစားထိုးကာပြန်လည်ပြင်ဆင်၍ သတင်းထုတ်ပြန်ခဲ့သည်။ထို့အတူ မြန်မာ့အလင်း နှင့် ကြေးမုံ သတင်းစာတို့၏၂၀၂၀ ပြည့်နှစ်၊ဇူလိုင်လ(၈) နေ့၌ " ပြင်ဆင်ဖတ်ရှုပါရန်" ဟူ၍ အမှားပြင်ဆင်ချက်အဖြစ် ထည့်သွင်းဖော်ပြခဲ့သည်။

၎င်းထုတ်ပြန်ချက်သတင်းမှာအောက်ပါအတိုင်းဖြစ်သည်။

(၁) ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်၊ ဘူးသီးတောင်၊မောင်တောဒေသ၌ ARSA အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာ နှင့် မောင်နုကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး ( Court of Inquiry) ဖြင့်စစ်ဆေးဆောင်ရွက်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ဇွန်(၂၉) ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

(၂) ၎င်းချွတ်ပြင်ကျေးရွာ နှင့် မောင်နုကျေးရွာဖြစ်စဉ်များနှင့်ပတ်သက်သည့် ဖြစ်စဉ်၊ ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက်အောက်ပါအဖွဲ့ဝင်များပါဝင်သည့် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်(၂) ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်းနှင့် လိုအပ်သည့်စစ်ဆေးဆောင်ရွက်မှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။

(က) ဗိုလ်ချုပ် မြတ်ကျော် (ဥက္ကဋ္ဌ)
(ခ) ဗိုလ်မှူးကြီး သန်းလှိုင် (အဖွဲ့ဝင်)
(ဂ) ဗိုလ်မှူးကြီး သန်းနိုင် (အဖွဲ့ဝင်)

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

အဆိုပါသတင်းနှင့်ပတ်သက်၍ မိမိတို့အနေဖြင့်ရှင်းလင်းလိုသည်မှာ-

(၁) တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် အစပထမ၌ AA ဟုရေးသားထုတ်ပြန်ခဲ့သည်။ ထို့နောက်မူ AA နေရာ၌ ARSA အား ပြင်ဆင်၍ရေးသားထုတ်ပြန်ခဲ့သည်။

(၂) မြန်မာ့တပ်မတော်သည် ရခိုင်ပြည်၊ ဘူးသီးတောင်၊မောင်တောဒေသ၌ မူဆလင်များအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သောခုနှစ်မှာ ၂၀၁၇ ခုနှစ်၌ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် နိုင်ငံတကာတရားရုံး၌ အမှုရင်ဆိုင်နေရသည်။

(၃) "ရက္ခိုင့်တပ်တော်သည် ၂၀၁၇ ခုနှစ်တွင် ဘူးသီးတောင်၊မောင်တော အပါအဝင် မြန်မာ့တပ်မတော်မှ စစ်ရာဇဝတ်ကျူးလွန်ခဲ့သောနေရာများ၌ စစ်ရေးလှုပ်ရှားမှုမရှိခဲ့"ဆိုသည်ကို ချွတ်ပြင်ကျေးရွာ၊ မောင်နုကျေးရွာမှ ရွာသူရွာသားများ နှင့် နိုင်ငံတကာမှ အသိပင်ဖြစ်ပါသည်။

(၄) စစ်ရာဇဝတ်အမှုများကို ဗြောင်ကျကျကျူးလွန်နေသော မြန်မာ့တပ်မတော်သည် မိမိတို့အဖွဲ့အစည်း၏အမည်အား ၎င်းတို့ကျူးလွန်ထားသောဖြစ်စဉ်၌ ရောနှောကာထည့်ရေးထားခြင်းမှာ ယုတ်မာပက်စက်သောလုပ်ရပ်၊ ရိုးသားမှုမရှိသောလုပ်ရပ်တစ်ခုသာဖြစ်သည်။

(၅) မြန်မာ့တပ်မတော်မှ ဖွဲ့စည်းထားသော အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့တွင် ပါရှိသူများကိုကြည့်ခြင်းအားဖြင့် ၎င်းတို့ကျူးလွန်သောအမှုကို ၎င်းတို့ကိုယ်တိုင်တရားသူကြီးလုပ်ကာ ပြဇာတ်ကနေခြင်းနှင့်တူပေသည်။ထို့အတူ ၎င်းတို့ကျူးလွန်ထားသောပြစ်မှုများကို ဖုံးကွယ်ရန်ကြိုးစားခြင်းလည်းဖြစ်သည်။

(၆) အဆိုပါဖြစ်စဉ်ထဲမှ ငြင်းချက်ထုတ်၍မရသည်များကိုစွဲချက်တင်ခြင်း၊ အပြစ်လျော့ပေါ့အောင်ပြုလုပ်ခြင်းများဖြင့် လူကြားကောင်းအောင် လိမ်လည်လှည့်ဖြားသည့် လုပ်ရပ်များကိုလုပ်ဆောင်ခဲ့ကြသည်။

(၇) မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်သည် မိမိတို့အဖွဲ့အစည်းအား မတရားအသင်း၊ အကြမ်းဖက်အသင်း အဖြစ်ကြေညာထားပြီး နိုင်ငံရေးအရတိုက်ခိုက်ခြင်းမှာ အမှန်တရားနှင့် ဝေးကွာစေပါသည်။

(၈) မြန်မာ့တပ်မတော် နှင့် မြန်မာအစိုးရတို့သည် " နိုင်ငံတကာ အကြမ်းဖက်ဥပဒေ" အားလွဲမှားစွာအသုံးချလျက်ရှိသည်။ ထို့အပြင် နိုင်ငံတကာမိသားစုများအား လက်တစ်လုံးခြားအသုံးချပြီး အစိုးရတစ်ရပ်၏ လုပ်ပိုင်ခွင့်အား လွဲမှားစွာအသုံးပြုလျက်ရှိသည်။

အချုပ်ဆိုသော် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ယခုကဲ့သို့ သတင်းအမှားများဖြင့် ထုတ်ပြန်ခြင်းသည် မိမိတို့အဖွဲ့အစည်းအား နိုင်ငံတကာမှအထင်အမြင်လွဲမှားစေရန်တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံရေးအရလုပ်ကြံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်(၆) ရက်နေ့ထုတ်ပြန်သောသတင်းနှင့်ပတ်သက်၍  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်နှင့် "လုံးဝ" ပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this