၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၃) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 03-Oct-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် မြန်မာ့တပ်မတော် (ခ) စစ်ရာဇဝတ်နယ်ချဲ့ဖက်ဆစ်တပ် သည် လက်နက်ကြီးပစ်ကူအပါအဝင် ရဟတ်ယာဉ် (၂) စီးစီဖြင့် မင်းပြားနှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာ နေရာ(၂) ခုအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ထိုနေရာနှစ်ခုစလုံး၌ တိုက်ပွဲများပြင်းထန်ခဲ့သည်။ ရန်သူသည် ကိုဗစ်ကူးစက်မြန်ရောဂါ(ဒုတိယလှိုင်း) ကာလအတွင်း ကြီးမားသောထိုးစစ်များကို မရပ်မတန့်ဘဲ ဆက်တိုက်ပြုလုပ်နေခဲ့သည်။

ရခိုင်ဒေသအတွင်း၌ စစ်ရာဇဝတ်နယ်ချဲ့ဖက်ဆစ်တပ်သည် ၎င်းတို့စစ်ဆင်ရေးလုပ်မည်ဟု ကြေညာထားသော ရခိုင်ပြည်၊ ရသေ့တောင်၊ ကျောက်တန်း နှင့် အောင်သာစည်ရွာ ပတ်ဝန်းကျင်များအား မြန်မာ့တပ်မတော် သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃) ရက်၊ နံနက်(၇)နာရီခန့်မှစတင်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ နေ့လယ် (၁၂) နာရီ (၄၆) မိနစ်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မင်းပြားမြို့နယ်၊ မေလွန်းရွာ အနောက်မြောက်ဖက် (၃) ကီလိုမီတာအကွာအဝေးရှိ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များရှိရာနေရာသို့ အင်အား (၁၅၀) ခန့်ဖြင့် နှစ်ဖက်ညှပ်၍ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် နေ့လယ် (၁) နာရီခန့်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံကာကွယ်နိုင်ခဲ့သောကြောင့် ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။ ထို့ကြောင့် ညနေ (၅) နာရီ (၀၅) မိနစ်မှ ညနေ (၅) နာရီ(၂၀) မိနစ်အထိ ဆယ့်ငါးမိနစ်ခန့်အထိ ရဟတ်ယာဉ်(၂) စီးဖြင့် လာရောက်တိုက်ခိုက်ရသည်အထိ တိုက်ပွဲများပြင်းထန်ခဲ့သည်။ လက်နက်ကြီးပစ်ကူများကိုလည်း နေရာ(၂) နေရာမှ တောက်လျှောက်ပစ်ကူပေးခဲ့သည်။

ယနေ့တိုက်ပွဲများအတွင်း ရန်သူသည်ထပ်မံအထိနာခဲ့သည်။ တိုက်ပွဲအသေးစိပ်နှင့် နောက်ဆက်တွဲများကို ဆက်လက်တင်ပေးပါမည်။

တိုက်ပွဲများအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ပလက်ဝ၊ မြေပုံ၊ အမ်း မြို့နယ်များ၌ ရန်သူသည် လက်နက်ကြီးများကို ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this