Date : 18-Feb-2020
ဖေဖော်ဝါရီလ(၁၈) ရက်နေ့တွင်လည်း ယခင်နေ့များကတည်းက ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေခဲ့သောပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း) ပတ်ဝန်းကျင် နှင့် ကျောက်တော်မြို့နယ်၊ ( ဝက်မကျ ရွာနှင့် တင်းမရွာအကြား) ပတ်ဝန်းကျင်များ၌တိုက်ပွဲများမှာဆက်လက်ဖြစ်ပွားနေခဲ့သည်။
ရန်သူ့ဗျူဟာကုန်းပတ်ဝန်းကျင်၌ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာယနေ့ဆိုလျှင်(၁၃) ရက်မြောက်နေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ရန်သူသည် ဖေဖော်ဝါရီ(၁၇) ရက်၊ ညသန်းခေါင် နှင့် (၁၈) ရက်၊ နံနက်(၀၂) နာရီအကြားတွင် Jet Fighter (ဂျက်တိုက်လေယာဉ်) ၂ စီးဖြင့်(၁) နာရီကျော်ကြာမြင့်သည်အထိလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့အပြင်ရန်သူသည် ၎င်းဗျူဟာကုန်းသို့ ရိက္ခာ၊လက်နက်ခဲယမ်း၊ လူအင်အားများကိုဖြည့်တင်းပေးရန် ပလက်ဝ၊ ကျောက်တော် နှင့်အခြားနှစ်နေရာအပါအဝင်နေရာ(၄) နေရာမှ ကြိုးစားလျက်ရှိသည်။ ထို့ကြောင့်ရန်သူ၏စစ်ကူစစ်ကြောင်းများနှင့် ရက္ခိုင့်တပ်တော်၊ဖြတ်တောက်ရေးစစ်ကြောင်းတို့သည် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီလ(၁၈) ရက်နေ့တွင်လည်း နေရာသစ်(၂) နေရာ၌လည်းတိုက်ပွဲများရှိခဲ့သည်။
(၁)ဘူးသီးတောင်မြို့နယ်၊ “မန်အောင်ရွာ၊အရှေ့မြောက်ဖက်၊ (၁.၁) ကီလိုမီတာအကွာအဝေး
တွင် မြန်မာ့တပ်မတော်၏ ဇက်သဘောၤ(၂)စီးပေါ်မှ တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းတို့သည် မယူမြစ်အတွင်း (၁) နာရီကျော်ကြာထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။
ရန်သူသည် Speed Boat (၁) စီးပေါ်မှ စက်သေနတ်များဖြင့်လည်းကောင်း၊ဇက်သဘောၤ(၂) စီးပေါ်မှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ရဟတ်ယာဉ်(၂) စီးပေါ်မှ စက်သေနတ်၊ရော့ကတ်များဖြင့်လည်းကောင်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရဟတ်ယာဉ်ဖြင့် ညနေ(၅) နာရီ(၃၅) မိနစ် မှ (၅) နာရီ(၄၅) မိနစ်အထိ ဆယ်မိနစ်ကျော် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်
(၂) အမ်းမြို့နယ်၊လေးအိမ်စုရွာ၏အနောက်တောင်ဖက်(၁.၆) ကီလိုမီတာအကွာအဝေးတွင် နှစ်ဖက်အပြန်အလှန်ထိုးစစ်မှာ (၃) နာရီနီးပါးကြာမြင့်ခဲ့သည်။
ယနေ့တိုက်ပွဲများအတွင်း၌လည်း ရန်သူ(၅-ဦး) (မျက်မြင်)အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ဒဏ်ရာရရှိသူများလည်းထပ်မံရှိနိုင်သည်။မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်(၂) ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ အသေးစိတ်အခြေအနေများနှင့်တိုက်ပွဲနောက်ဆက်တွဲများကိုသိရှိရပါက ထပ်မံတင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်