(ICRC) ၏ပစ္စည်းများကို တင်ဆောင်လာသော စက်လှေတစ်စီးအား မြန်မာစစ်တပ်၏ စစ်သင်္ဘောများပေါ်မှပစ်ခတ်တိုက်ခိုက်

blog

Date : 29-Oct-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ နေ့လယ် (၁၂) နာရီခန့်အချိန်တွင် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်း၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများကို တင်ဆောင် လာသော " ရွှေလင်းသူ" အမည်ရှိ အရပ်ဖက်စက်လှေတစ်စီးအား မြန်မာစစ်တပ်၏ ဇက်သင်္ဘော (၂) စီး နှင့် အမြန်စက်တပ်ရေယာဉ် (Speed Boat) တစ်စီးပါဝင်သော စစ်ရေယာဉ်စုတစ်ခုမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရသေ့တောင်မြို့နယ်၊ ပြိန်းတောရွာ အနောက်တောင်ဖက် (၅၀၀) မီတာအကွာအဝေး၌ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ အပစ်ခံရသောစက်လှေ၌ လိုက်ပါလာသူ စက်လှေသမား(၄) ဦးအနက် ပုဏ္ဏားကျွန်းမြို့နယ်၊ ကံချောင်းကျေးရွာမှ အသက် (၁၈) နှစ်အရွယ်ရှိသူ လူငယ်တစ်ဦး မှာ မြန်မာ့တပ်မတော်၏လက်နက်ကြီး၊ လက်နက်ငယ်ကျည်ထိမှန်၍ ဘုတ်ပေါ်၌ပင်သေဆုံးခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်၏ စစ်သင်္ဘော(ဇက်)တစ်စီးပေါ်မှ တပ်ဖွဲ့ဝင်များသည် "ရွှေလင်းသူ"စက်လှေပေါ်တွင် သေဆုံးသူစက်လှေသမား၏အလောင်းနှင့် ICRC ပစ္စည်းများအား ဓာတ်ဆီလောင်းကာ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အသက်ရှင်ကျန်ရစ်သူစက်လှေသမား(၃)ဦးကိုလည်း အလားတူ နှုတ်ပိတ်အစဖျောက်ရန် ကြိုးပမ်းခဲ့သည် ။

သို့သော် စက်လှေသမား (၃) ဦးမှာ ကံကောင်းထောက်မစွာဖြင့် စက်လှေပေါ်မှခုန်ဆင်းလွတ်မြောက်ခဲ့သော်လည်း မီးလောင်ဒဏ်ရာ၊ သေနတ်ဒဏ်ရာအချို့ရရှိခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် လူသားချင်းစာနာထောက်ထားသောအားဖြင့် စစ်ဘေးရှောင် ပြည်သူများကို ဆန်၊ ဆီ၊ ပဲ၊ သကြား၊ ဆား၊ လက်ဖက် နှင့် အမျိုးသမီး အသုံးဆောင်ပစ္စည်းများ အစရှိသည်ကို ကူညီထောက်ပံ့နေခဲ့သည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ ယခုလည်း စားဝတ်နေရေးအခက်အခဲဖြစ်နေသော စစ်ဘေးရှောင်များကိုကူညီရန် အခြေခံစားသောက်ကုန်ပစ္စည်းများကို အရပ်ဖက်စက်လှေဖြင့် သယ်ယူပို့ဆောင် နေစဉ်အတွင်း မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကိုခံခဲ့ရခြင်းဖြစ်သည်။



ဖက်ဆစ်နယ်ချဲ့အကြမ်းဖက် မြန်မာစစ်တပ်သည် ယခုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ရေး ခရီးစဉ်များအတွင်း ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ အကြိမ်ကြိမ်ရှိခဲ့ပြီးဖြစ်သည်။ မင်းပြားမြို့နယ်အတွင်းWHO ကားအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကိစ္စ၊ ပလက်ဝမြို့နယ်အတွင်း WFP မော်တော်ယာဉ်တန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကိစ္စ၊ မြေပုံမြို့နယ်အတွင်း၌ NGO အဖွဲ့အစည်းတစ်ခု၏ အမြန်စက်တပ်ရေယာဉ်အားပစ်ခတ်တိုက်ခိုက်ခဲ့သည်ကိစ္စ များမှာ မြန်မာစစ်တပ်၏ လက်ချက်များသာဖြစ်သည်။


ဤကဲ့သို့သောအကြမ်းဖက်တိုက်ခိုက်သည့်လုပ်ရပ်များ၊ အပြစ်မဲ့ပြည်သူများကိုပစ်ခတ်သတ်ဖြတ်ပြီး လက်စဖျောက်သော လုပ်ရပ်များကို မြန်မာစစ်တပ်သည်လုပ်ဆောင်တိုင်း ၎င်းတို့ကျူးလွန်ခဲ့သည့်သက်သေ အထောက်အထားများ ရှိပါသော်လည်း တာဝန်မဲ့စွာဗြောင်ကျကျငြင်းဆိုလေ့ရှိသည်။ ထို့အပြင် မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံချရန် ကြိုးစားအားထုတ်လေ့ရှိသည်။ လုံးဝ မငြင်းသာသည့်အခြေအနေသို့ရောက်မှသာ ဝန်ခံပြီး အပြစ်ကျူးလွန်သူများကို ဟန်ပြအပြစ်ပေးလေ့ရှိသည်။ ထိုသို့ဟန်ပြအပြစ်ပေးသည့်အချိန်များ၌လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ဆောင်လေ့ရှိသည်။

မြန်မာစစ်တပ်သည် တိုင်းရင်းသားဒေသအသီးသီး၌ စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်နေဆဲဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ရခိုင်၊ ပလက်ဝဒေသများ၌ မြန်မာစစ်တပ်သည် အပြစ်မဲ့ပြည်သူများကို ဦးတည်သတ်ဖြတ်သည့်အရေအတွက်မှာ စံချိန်တင်ခဲ့သည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှာ တရားမျှတမှုမရရှိဘဲ အမှန်တရားများပျောက်ဆုံးနေကြရသည်။ အမှန်တရားကို မြတ်နိုးသော နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အပြစ်ရှိသူများကို အပြစ်ပေးနိုင်ရေး နှင့် အမှန်တရားများပေါ်ပေါက်နိုင်ရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းအား ထုတ်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this