၂၀၁၉ ခုနှစ်၊ဇန်နဝါရီ(၁၁/၁၂/၁၃/၁၄) ရက်(လေးရက်တာကာလအတွင်း)ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 01-Oct-2019

Nyo Twan Awng

မြန်မာစစ်တပ်၏ တပ်မ(၂၂) ၊တပ်မ(၉၉)အပါအဝင်အခြားသောတပ်မများမှ ထုတ်နှုတ်အင်အားများပါဝင်သောရခိုင်ပြည်ပြင်ပမှတပ်ရင်း(တပ်မ) များသည် လူအင်အား၊လက်နက်အင်အားအလုံးအရင်းဖြင့်ရခိုင်ပြည်အတွင်းသို့ကုန်းကြောင်း၊လေကြောင်း၊ရေကြောင်းများဖြင့်ဆက်တိုက်ဝင်ရောက်ခဲ့ပြီးသည့်နောက်ပိုင်းတွင် ရက်ဆက်တိုက်ပွဲများနေ့တိုင်းဆက်လက်ရှိနေခဲ့သည်။ မိမိတို့စုံစမ်းရရှိမှုနှင့် မြေပြင်သတင်းအချက်အလက်များအရ ၂၀၁၉ ခုနှစ်ဇန်နဝါရီ(၁၄) ရက်နေ့အထိမြန်မာစစ်တပ်မှ အင်အား(၄၀၀၀) လေးထောင်ကျော်ခန့်အား ရခိုင်ဒေသအတွင်းပို့ဆောင်ထားပြီး ဖြစ်သည်။ မြန်မာအစိုးရ နှင့် မြန်မာစစ်တပ်ဖက်မှ "ရက္ခိုင့်တပ်မတော်အား ရက်ပေါင်း(၁၃၀) အတွင်းအမြစ်ပြတ်ချေမှုန်းရေးခေါင်းစဉ်" အောက်၌ ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်၏ထိုးစစ်များမှာအသက်ဝင်လှုပ်ရှားလျှက်ရှိနေပြီး နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ခိုက်မှုများမှာ တစ်ရက်ပြီးတစ်ရက် ပြင်းထန်လာနေခဲ့ပြီးတိုက်ပွဲအရေအတွက်များမှာလည်းမြင့်တက်လျှက်ရှိသည်။ 

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်နေ့၊ ညနေ(၆) နာရီ(၃၀) မိနစ်မှ ည(၈)နာရီ(၃၀) မိနစ်အထိ နှစ်နာရီကျော်ကြာတိုက်ပွဲသည် ဘူးသီးတောင်မြို့နယ်၊"စေတောင်ရွာ" မြောက်ဖက်အနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။တပ်မ(၂၂) နှင့် မိမိတို့လှုပ်ရှားစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။တပ်မ(၂၂)၏ပထမဆုံးဈေးဦးပေါက်တိုက်ပွဲဖြစ်ပြီး ရန်သူ့ဖက်မှပွဲဦးထွက်အထိနာသောပွဲလည်းဖြစ်ခဲ့သည်။ညတိုက်ပွဲဖြစ်သောကြောင့်ရန်သူ့ဖက်မှအထိအခိုက်အကျအဆုံးကိုမသိခဲ့ရပါ။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၂) ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ်၊"ဦးစွန်းတောင်အနောက်တောင်ကြော" ၌ ဗမာစစ်တပ်၏တပ်မ(၉၉) နှင့် မိမိတို့သည် မိနစ်နှစ်ဆယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ နံနက်(၇) နာရီ(၂၀) မိနစ်မှ (၇) နာရီ(၄၀) မိနစ်အထိတိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်းနောက် ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုမှာ နေ့လည်(၁၂) နာရီခန့်အထိရှိနေခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၃) ရက်နေ့တွင်လည်း မြန်မာစစ်တပ်၏ တပ်မ(၂၂) မှတပ်ရင်းတစ်ရင်းဟုယူဆရသော(စီစစ်ဆဲ) တပ်ရင်းတစ်ရင်း နှင့် မိမိတို့သည် ဘူးသီးတောင်မြို့နယ်"သရက်ပြင်ရွာ" အရှေ့ဖက်၊ မီတာ (၂၈၀၀) အကွာအဝေးနေရာ၌ နံနက်(၈) နာရီခန့်မှ (၉) နာရီ(၂၀) မိနစ်ခန့်အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ဖက်မှကျဆုံးသူများ(၂၀) နှစ်ဆယ်ဦးခန့်နှင့်၊ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်။ (မျက်မြင်) ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၄) ရက်နေ့၊နံနက်(၈) နာရီ(၃၀) မိနစ်ခန့်တွင်လည်း ရသေ့တောင်မြို့နယ်"ကာမေချောင်း၊ "ကြိန်သာရွာ" အနီး၌တပ်မ(၂၂) နှင့် တိုက်ပွဲများပြင်းထန်ခဲ့သည်။ ယနေ့တိုက်ပွဲတွင်လည်းရန်သူ့ဖက်မှ ကျဆုံးအရေအတွက်နှစ်ဆယ်(၂၀)နီးပါးအထိရှိခဲ့ပြီး ဒဏ်ရာရသူအချို့လည်းထပ်မံရှိခဲ့သည်။ (မျက်မြင်) ယခုလေးရက်တာတိုက်ပွဲအတွင်း မိမိတို့ဖက်မှ အလတ်စားဒဏ်ရာရရှိသူ(၆) ဦးခန့်သာရှိခဲ့ပြီး ကျဆုံးသူတစ်စုံတစ်ဦးမျှမရှိခဲ့ပါ။ ထို့အပြင် ရက္ခိုင့်တပ်မတော်အနေဖြင့်ယနေ့အချိန်အထိမိမိတို့၏မည်သည့်စခန်းမျှဆုံးရှုံးခဲ့ခြင်းမရှိသေးပါ။

မိမိတို့အနေဖြင့် မြန်မာစစ်တပ်၏ ထိုးစစ်များကို အကောင်းဆုံးအနေအထားဖြင့်ခုခံရင်ဆိုင်နေဆဲဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလ(၁၃) ရက်နေ့၌ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ရန်သူ့ဖက်မှအထိနာခဲ့သောကြောင့်လက်နက်ကြီးများဖြင့် တစ်နေ့လုံးတောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဗမာစစ်တပ်ဖက်မှပစ်ခတ်တိုက်ခိုက်သည့်လက်နက်ကြီးကျည်များမှာ "ချာကေရွာ" နှင့် "ဖုန်ညိုလိပ်ရွာ" အတွင်းကျရောက်ပေါက်ကွဲခဲ့သည်။ ဤကဲ့သို့လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေမှုများမှာကာလအတန်ကြာခဲ့ပြီးဖြစ်ပါသည်။ ၎င်းလက်နက်ကြီးကျည်ဆံများကြောင့် "ချာကေရွာ"မှ ဘင်္ဂလီအမျိုးသမီးတစ်ဦး၊" ဖုန်ညိုလိပ်ရွာ"မှ ဘင်္ဂလီအမျိုးသား(၄) ဦးသေဆုံးမှု၊ နွား(၅) ကောင်သေဆုံးမှုများရှိခဲ့သည်။ ၎င်းသေဆုံးသူဘင်္ဂလီအလောင်းများကို၎င်းတို့၏ဆွေမျိုးများမှသင်္ဂြိုလ်ရန်တောင်းသော်လည်း မြန်မာစစ်တပ်မှ ပြန်မပေးသည့်အပြင် ဘင်္ဂလီအချို့အားဖမ်းဆီးထိန်းသိမ်းထားမှုများရှိခဲ့သည်။ ယနေ့ ဇန်နဝါရီ(၁၄) ရက်ဧရာဝတီသတင်းပါ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောကြားချက်အားခန့်မှန်းသုံးသပ်ရသော် AA ဖက်မှယူနီဖောင်းဝတ်အလောင်း(၅) လောင်းရရှိခဲ့ကြောင်းပြောကြားခဲ့မှုမှာ အထက်ပါဘင်္ဂလီ(၅) ဦးသေဆုံးမှုနှင့်ဆက်စပ်နေသည်ဟုကောက်ချက်ချ၍ရနိုင်ပါသည်။ ထို့အတူ အရပ်သားရခိုင်လူမျိုးအချို့ကိုလည်း ဖမ်းဆီးခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ကာ "သောင်းကျန်းသူစစ်ဆင်ရေး" ခေါင်းစဉ်အားအလွဲသုံးစားလုပ်ကာ စစ်ရာဇဝတ်မှုများကိုဆက်တိုက်ကျူးလွန်လျှက်ရှိသည်။ မိမိတို့ ULA/AA အနေဖြင့်လည်း စုဆောင်းရရှိထားပြီးဖြစ်သော ဗမာစစ်တပ်၏ ရခိုင်ပြည်အတွင်းစစ်ရာဇဝတ်မှုကျူးလွန်ခြင်းများအပြင် အခြားသော ကချင်၊တအန်း၊ကိုးကန့်ဒေသများမှ ဗမာစစ်တပ်၏ စစ်ရာဇဝတ်ကျူးလွန်မှုများကို နိုင်ငံတကာစစ်ခုံရုံးသို့ပေးပို့သွားမည်ဖြစ်သည်။ ( မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်ကျူးလွန်မှုများကို arakanarmy@yeah.net နှင့် arakanidp@163.com သို့ပေးပို့နိုင်ပါသည်) ထို့အပြင် မြန်မာစစ်တပ်၏ တပ်မ(၂၂) ဝင်ရောက်လာပြီးသည့်နောက်ပိုင်းတွင် ရခိုင်ရွာ၊ ဘင်္ဂလီရွာများမှ ရွာသူ/ရွာသားအချို့အား မတရားဖမ်းဆီးနှိပ်စက်ခြင်းများကို ဆက်တိုက်ကြားနေရပြီး ရခိုင်လူမျိုးများအပါအဝင် ဘင်္ဂလီရွာအချို့မှ ဘင်္ဂလီအမျိုးသား၊အမျိုးသမီးများပျောက်ဆုံးနေမှုများကိုကြားသိနေရပါသည်။ ယခုရက်များအတွင်းမြန်မာစစ်တပ်၏လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲထိမှန်ခဲ့သောရွာများမှာ (က) ကန်ပြင်ရွာ (ခ) စေတီတောင်ရွာ (ဂ) ပညာဝရွာ (ဃ) ခထီးလှရွာ (ကထီးလှရွာ) (င) သလူချောင်းရွာ (စ) မြိုမချောင်းအနီး (ဆ) ပြင်ချောင်းအနီး (ဇ) ချာကေရွာ (ဈ) ဖုန်ညိုလိပ်ရွာ တို့ဖြစ်ကြသည်။ 

ထို့အတူ အချို့ရွာများမှာ မြန်မာစစ်တပ်၏ရဟတ်ယာဉ်များပေါ်မှပစ်သောကျည်များ၊ဗုံးများကျရောက်ပေါက်ကွဲပြီး လူနေအိမ်များမီးလောင်ပျက်စီးသည်အထိရှိခဲ့သည်။ တိုက်ပွဲသတင်းများကို http://arakan.army , https://ula.today , http://northernalliance.today တွင်သာတင်ပေးသွားပါမည်။ လက်ရှိအချိန်တွင် မိမိတို့ ရက္ခိုင့်တပ်မတော်အနေဖြင့် Facebook Page/ Facebook Account များမရှိပါ။ ဖေ့ဘုတ်တွင်တွေ့ရှိနေရသော ရက္ခိုင့်တပ်မတော်အမည်ပါ Page များမှာ မိမိတို့နှင့်သက်ဆိုင်ခြင်းမရှိကြောင်းလေးစားစွာအသိပေးအပ်ပါသည်။ AA Website and ULA


Share on social

You may also like this