၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၉/၂၀)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 25-Oct-2019

Nyo Twan Awng

၂၀၁၉ ခုနှစ်၊အောက်တိုဘာလ(၁၉/၂၀) ရက်များတွင် မြောက်ဦးမြို့နယ်၊ လက္ကာရွာအတွင်း၊လက္ကာရွာပတ်ဝန်းကျင် နှင့်လက္ကာရွာနှင့်ဝေသာလီရွာအကြား တွင် မြန်မာစစ်တပ်၏ နယ်လှည့်သောင်းကျန်းသူတပ်မ(၅၅) လက်အောက်ခံတပ်ရင်းများနှင့် ရက္ခိုင့်တပ်တော်တို့ ပြင်းထန်စွာတိုက်ပွဲများဖြစ်ပွားခဲ့သည်။ နှစ်ရက်တာကာလတိုက်ပွဲများအတွင်း တပ်မ(၅၅) လက်အောက်ခံတပ်ရင်းများမှ သေဆုံးသူအရေအတွက်(၃၅) ဦးအထက်ရှိခဲ့ပြီးသေဆုံးသူနှင့်ဒဏ်ရာရရှိသူအရေအတွက်မြင့်တက်လျှက်ရှိသည်။ ထွက်ပြေးသူများလည်းများပြားလျှက်ရှိသည်။ ထို့အပြင် မင်းပြားမြို့နယ် နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၌လည်းတိုက်ပွဲများဆက်လက်ရှိခဲ့သည်။ ရခိုင်ဒေသအတွင်းနေထိုင်ကြသောပြည်သူလူထုများကို စိတ်ပိုင်းဆိုင်ရာဒုက္ခအမျိုးမျိုးပေးနေသည့်အပြင် တရားလက်လွတ်သတ်ဖြတ်နေသော တပ်မ(၅၅) လက်အောက်ခံတပ်ရင်းများအား ရက္ခိုင့်တပ်တော်မှ လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။ လက္ကာရွာအတွင်းရှိ စာသင်ကျောင်း၊ လူနေအိမ်များ၊ ကန်ဘောင်နံဘေးကို ခံတပ်သဖွယ်အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်နေသော တပ်မ(၅၅) လက်အောက်ခံတပ်ရင်း( အမည်စုံစမ်းဆဲ) အား ရက္ခိုင့်တပ်တော်မှ အောက်တိုဘာလ(၁၉) ရက်၊ နံနက်(၆) နာရီမှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ နေ့လည်(၁၂) နာရီခန့်အထိ (၆) နာရီနီးပါးကြာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ တိုက်ပွဲသည်ပြင်းထန်ခဲ့ပြီး ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးများရှိခဲ့သကဲ့သို့မိမိတို့ဖက် မှလည်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်အချို့၊ဒဏ်ရာရစစ်သည်တော်အချို့ရှိခဲ့သည်။ နံနက်(၈) နာရီ(၅၀) မိနစ်တွင်လည်း "သင်းကျစ်တောင်"ဖက်မှ စစ်ကူလာသော မြန်မာစစ်တပ်အား စစ်ကူပေး၍မရအောင် ရက္ခိုင့်တပ်တော်မှ "လက္ကာရွာနှင့်ဝေသာလီရွာ"အကြား တွင်အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။ အောက်တိုဘာလ(၁၉) ရက်နေ့၏တိုက်ပွဲနှစ်ပွဲအတွင်း မြန်မာစစ်တပ်ဖက်မှ အနည်းဆုံး(၁၀) ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများသည် (၁၀) ကျော်ရှိခဲ့သည်။ ဤတိုက်ပွဲများအတွင်း ရန်သူ၏ RPG-7 ဗုံးသီး( ၁၅) လုံး၊ ၆၀ မမဗုံးသီး(၂၀) လုံး၊ ဆက်သွယ်ရေးဆက်ကြီး(၂) လုံး၊ မိုင်း၊ လက်နက်ခဲယမ်း၊ ဆေးဝါးပစ္စည်း၊ MA ကျည်(၃၅၁၇ တောင့်)၊ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊ ဖုန်း နှင့် ဆက်စပ်ပစ္စည်းများ၊ရိက္ခာအချို့ နှင့် စာရွက်စာတမ်းအချို့ကို ရက္ခိုင့်တပ်တော်မှသိမ်းဆည်းရမိခဲ့သည်။ မင်းပြားမြို့နယ်၊ ကျော်ကရွာ အရှေ့မြောက်ဖက်(၁.၇) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မကျော်ရွာမြောက်ဖက်၊ မင်းမချောင်းထဲတွင်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ(မြိုရွာ) အနောက်ဖက်(၂) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်လည်းကောင်း အောက်တိုဘာ(၁၉) ရက်နေ့၌တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အထက်မြတ်လှဲ(မြိုရွာ) အနောက်ဖက်တောင်တန်းပေါ်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း၌လည်း မြန်မာစစ်တပ်ဖက်မှ သေဆုံးသူအရေအတွက်များပြားခဲ့သည်။ မိမိတို့တပ်ဖွဲ့ဝင်များသတင်းပေးပို့ချက်အရ ရန်သူ့ဖက်မှ သေဆုံးသူ(မျက်မြင်) ၁၀- ဦးအထက်ရှိခဲ့ကြောင်းသိရှိရသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၀) ရက်၊နံနက်(၈) နာရီ (၅၀) မိနစ်ခန့်တွင်လည်း မြောက်ဦးမြို့နယ်၊"လက္ကာရွာတံတားအနီး"တွင် အင်အား(၅၀) ခန့်ပါတပ်မ(၅၅) လက်အောက်ခံစစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော်၊ ကွန်မန်ဒိုများမှဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ အနည်းဆုံး(၅) ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားထပ်မံရှိခဲ့သည်။ ရန်သူသည် သေဆုံးသူများနှင့်ဒဏ်ရာရသူများကို ကျောက်တင်ကားဖြင့် မြောက်ဦးမြို့ဖက်သို့သယ်ယူသွားခဲ့သည်။ မိမိတို့အနေဖြင့် ရန်သူ၏၎င်းစစ်ကြောင်းပါနောက်ကျန်တပ်ဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းတိုက်ခိုက်လျှက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၀) ရက်၊ ညနေ(၄) နာရီခန့်တွင် အထိနာနေသော အင်အား(၂၀၀) ခန့်ရှိသော တပ်မ(၅၅) သည် လက္ကာရွာအရှေ့ဖက်ရှိတောင်တန်းတွင်ထိုးစစ်ဆင်တိုက်ခိုက်မှုကိုပြုလုပ်ခဲ့သည်။ မိနစ်(၉၀) ခန့်ရန်သူ့ထိုးစစ်အတွင်း ရန်သူ့ဖက်မှထပ်မံ၍(၁၀) ဦးခန့်ကျဆုံးပြီး (၁၅) ဦးကျော်ထပ်မံဒဏ်ရာရရှိခဲ့သည်။ ထို့နောက်ရန်သူသည် တပ်လန်သွားပြီး အဝေးမှလက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၀) ရက်၊ ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ရွာ အရှေ့မြောက်ဖက်၊ "အရိုးကျတောင်တန်း" ပေါ်တွင် နံနက်(၉) နာရီခန့်တွင်လည်းကောင်း၊ ပလက်ဝမြို့နယ်၊ ခမောင်းဝရွာမြောက်ဖက်တောင်တန်းပေါ်တွင်လည်းကောင်း မိနစ်အနည်းကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ မြန်မာစစ်တပ်သည် မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့်ထိတွေ့မှုဖြစ်ပွားရခြင်းဖြစ်သည်။ ရန်သူသည် ထိတွေ့မှုဖြစ်ပြီးနောက် တပ်ဆုတ်သွားသောကြောင့် တိုက်ပွဲဆက်လက်မဖြစ်ပွားခဲ့သော်လည်း လက်နက်ကြီး၊ MG-42 များဖြင့်အဝေးမှပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ တပ်မ(၅၅) လက်အောက်ခံတပ်ရင်းများသည် ရခိုင်ကျေးရွာများရှိလူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူလူထုများကို ဥပဒေမဲ့တရားလက်လွတ်ပစ်သတ်ခြင်း၊ ရွာအတွင်းရှိနေအိမ်များမှ ရွှေ၊ငွေအပါအဝင် အသုံးအဆောင်ပစ္စည်းများကိုခိုးယူခြင်းအပါအဝင် ဖျက်ဆီးခြင်းများကိုဆက်လက်ပြုလုပ်နေပါက မိမိတို့အနေဖြင့် ထပ်မံတုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၁) ရက်နေ့တွင်လည်း မြန်မာစစ်တပ်ဖက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်နေမှုများ၊ နှစ်ဖက်အပြန်အလှန်တိုက်ပွဲများမှာဆက်လက်ရှိနေခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၉)ရက် မှ (၂၁) ရက်နေ့အထိ ရခိုင်ပြည်တိုက်ပွဲသတင်းများအတွင်း မြန်မာစစ်တပ်၏တပ်မ(၅၅) လက်အောက်ခံတပ်ရင်းများမှ သေဆုံးသူ(မျက်မြင်) (၃၅) ဦးအထက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူများမှာလည်း(၃၀) ဦးအထက်ရှိခဲ့သည်။ (( ရန်သူ့ထောက်ပို့စခန်းငယ်နှင့် လက္ကာရွာအနီးတိုက်ပွဲအတွင်းသိမ်းဆည်းရမိသော ပစ္စည်းများ၏ ဓာတ်ပုံများကိုရရှိပါက ထပ်မံတင်ပေးသွားပါမည်))

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this