၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၈) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်း

blog

Date : 28-Jan-2019

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၈) ရက်နေ့တွင် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊"အုန်းချောင်းကျေးရွာ" အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နံနက်(၈) နာရီ(၀၉) မိနစ်တွင်စတင်ဖြစ်ပွားခဲ့သည်။ နေ့လည် (၁၁) နာရီခန့်အထိ အပြန်အလှန်ကြိုးကြားကြိုးကြားပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ ဗမာစစ်တပ်သည် ယနေ့တိုက်ပွဲတွင်လည်း ယခင်နေ့ရက်များနည်းတူ ထိခိုက်ဒဏ်ရာရသူများ၊သေဆုံးသူများရှိနေခဲ့သောကြောင့် ယမန်နေ့က"သမီးလှရွာသစ်" ရွာအားလက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်နည်းတူ "အုန်းချောင်းရွာ" အတွင်းသို့လည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ၎င်းအုန်းချောင်းရွာအတွင်းရှိလူနေအိမ်အချို့ မှာဗမာစစ်တပ်၏လက်နက်ကြီးကျည်များထိမှန်ခဲ့သောကြောင့် ပျက်စီးမှုများရှိခဲ့သည်။ ထို့အတူ အခြားတစ်ဖက်တွင် ရွာသူရွာသားများထဲမှ အမျိုးသားများ(ယောင်္ကျားများ)ကို ပုဒ်မအမျိုးမျိုးတပ်ကာဖမ်းဆီးထားခြင်းများဆက်လက်ရှိနေခဲ့သည်။ အုန်းချောင်းရွာအတွင်းမှ ဗမာစစ်တပ်မှဖမ်းဆီးထားသူများမှာ (လက်ရှိအချိန်အထိသိရှိထားသောသူများမှာ)-- (၁) ဦးမြတ်သိန်းထွန်း(သို့) မြသိန်းထွန်း၊ အသက်(၅၆) နှစ်၊ အဖအမည်- ဦးမြတ်ချမ်းအောင် (၂) မောင်ရွှေအေး၊ အသက်(၃၉) နှစ်၊ အဖအမည်- ဦးထွန်းစိန်အောင် ၊ (ကိုမောင်ရွှေအေးမှာ ကျောင်းဆရာဖြစ်သည်) (၃) ဦးမောင်ဦးကျော်၊ အသက်(၆၀-ကျော်) ၊ အဖအမည်-(-စုံစမ်းဆဲ--) ၊ ဦးမောင်ဦးကျော်သည်မုဆိုးချောင်းဇာတိဖြစ်သည်။ ယနေ့တွင်လည်း နယ်ချဲ့ဗမာစစ်တပ်သည် တိုက်ပွဲစဖြစ်သည့်အချိန်မှစတင်ပြီးနံနက် လက်နက်ကြီးများဖြင့် ဘူးသီးတောင်မြို့နယ်၊ (ကျိုင်းတောင်ရွာ) မှလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ဒုံးသီရွာ(ဒုံးသိန်),မှလည်းကောင်း၊အုန်းချောင်းရွာအနီးတိုက်ပွဲဖြစ်ပွားသည့်နေရာမှလည်းကောင်း ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ယနေ့တစ် ရက်တည်း၌ပင် နေရာသုံးခုမှ ရှေ့ဆင့်နောက်ဆင့်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်သည့်အကြိမ်အရေအတွက် (၇၀) ခုနှစ်ဆယ်အထက်ရှိခဲ့သည်။ ဗမာစစ်ရာဇဝတ်တပ်ဖွဲ့မှပစ်ခတ်တိုက်ခိုက်သည့်လက်နက်ကြီးကျည်များမှာ အုန်းချောင်းရွာ၊ အုန်းချောင်းရွာအနီးတောင်များပေါ်သို့ကျရောက်ပေါက်ကွဲခဲ့သည်။ ယမန်နေ့ သမီးလှရွာသစ်"တိုက်ပွဲအတွင်း ဗမာစစ်တပ်ဖက်မှ ကျေးရွာအတွင်းသို့ပစ်ခတ်တိုက်ခိုက်ခဲ့သောလက်နက်ကြီးကျည်အစအချို့သည်, အဖ-ကိုကျော်ကျော်နိုင်၏သား မောင်နိုင်စိုး၊ အသက်(၇) နှစ် အရွယ်ကလေးငယ်၏ ဦးခေါင်း၊ညာဖက်နားထင်အားထိမှန်ခဲ့၍ ပြင်းထန်သောဒဏ်ရာရရှိခဲ့ပြီး ဆေးကုသရန်အတွက် ပြောင်းရွှေ့နေစဉ်ကာလအတွင်း,ယနေ့ ညနေ(၇) နာရီ(၄၅) မိနစ်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားကြောင်းသိရှိရ၍ မိမိတို့ ULA/AA အနေဖြင့် မိသားစု၊ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးနှင့် ထပ်တူထပ်မျှဝမ်းနည်းကြောင်း အသိပေးအပ်ပါသည်။ မိမိတို့အနေဖြင့် ဖြစ်ပြီးခဲ့သောတိုက်ပွဲများ၊ နောက်ထပ်ဖြစ်လာမည့် သီရေးရှင်ရေးအဆုံးအဖြတ်တိုက်ပွဲများ၏ မည်သည့်တိုက်ပွဲတွင်မဆို ရခိုင်လူမျိုးနှင့် ရခိုင်လူထုထိခိုက်နစ်နာ၊ ပျက်စီးစေမည့်တိုက်ပွဲများကို အတတ်နိုင်ဆုံးရှောင်ရှားပြီး မလွဲမရှောင်သာသောခုခံကာကွယ်ရသည့်တိုက်ပွဲများ၌,ရခိုင်လူထုတစ်ရပ်လုံးနှင့်အတူ ရက္ခိတလမ်းစဉ်အောင်မြင်သည်အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။ ဗမာစစ်တပ်၏ မိမိတို့ ရက္ခိုင့်တပ်မတော်အား အမြစ်ပြုတ်ချေမှုန်းရေးနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများသည် နောက်လာမည့်လများအတွင်းပိုမိုပြင်းထန်လာဖွယ်ရှိနေသောကြောင့် ရခိုင်ပြည်အတွင်းနေထိုင်ကြသောရခိုင်လူမျိုးများ၊ ရခိုင်မျိုးနွယ်စုများအားလုံး စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ဖြင့် သတိကြီးစွာဖြင့်နေထိုင်သွားလာကြရန်ကိုလည်း အသိပေးလိုပါသည်။ ဆက်လက်၍လည်း လက်ဆင့်ကမ်းကာ သတိစကားများကိုမျှဝေပေးကြပါရန်ကိုလည်း တိုက်တွန်းအပ်ပါသည်။ နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားပါမည်။ 
သတင်းနှင့်ပြန်ကြားရေး 
ရက္ခိုင့်တပ်မတော် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၈) ရက်၊တနင်္လာနေ့။ 


Share on social

You may also like this