“မွေးနေ့ရှင်ကျနော်”

article

Date : 04-Mar-2023

မွေးနေ့” ဆိုတာ သေခြင်းပန်းတိုင်ဆီသို့ ခြေတစ်လှမ်းစာအကွာအဝေး ကပ်သွားခြင်း၊ မလွန်ဆန်နိုင်တဲ့ နောက်ဆုံးနေ့ရက်သို့ ပိုနီးကပ်သွားခြင်းတစ်မျိုး။ နောက်ထပ်တစ်မျိုးပြောရရင် ပြက္ခဒိန်ထဲမှာ ဒီနေ့ရက်မြတ်ဟာ ဒီနေရာကို နောက်ထပ်တစ်ကြိမ် ထပ်မံရောက်ရှိလာခြင်းလည်းဖြစ်တယ်။

ကမ္ဘာလည်တဲ့အချိန်ဟာလည်း ဒီရက်ကိုဗဟိုပြုရင် ဒီနေ့မှာ ၃၆၅ ရက်ကြာ တစ်ပတ်ပြည့်တဲ့နေ့တစ်နေ့။ သိသာထင်ရှားတဲ့ ဥပမာ နောက်တစ်ခုပြရရင် ဆူးလေ-ခေမာသီ ဂိတ်ဆုံးခရီးကို ကားတစ်စီးလုံး တစ်ယောက်တည်း ကားပတ်စီးခြင်းနဲ့တူတယ်။

မတ်လ (၄) ရက်နေ့ဟာ ကျနော့်မွေးနေ့ဖြစ်တယ်။ ၁၉၈၁ ခုနှစ်မှာမွေးတဲ့ ဗုဒ္ဓဟူးသား ကျနော်ဟာ အခုဆို လေးဆယ်ကျော် အသက်အရွယ်ကို ဖြတ်သန်းပြီးတဲ့အခါ မွေးနေ့၊ မွေးရက် တစ်ထပ်တည်းကျခဲ့တဲ့ နှစ်တွေအဖြစ် ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၈၊ ၂၀၀၉၊ ၂၀၁၅၊ ၂၀၂၂ ခုနှစ်တွေမှာ ကြုံခဲ့ပြီးပြီ။ နောက်ထပ်တစ်ကြိမ် မွေးနေ့၊ မွေးရက်တူနှစ်က,လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ (၄) ရက်နေ့မှာဖြစ်လိမ့်မယ်။

ဘယ်ခုနှစ်မှာမဆို ဖေဖော်ဝါရီလ (၁၉) ရက်ကနေ မတ်လ (၂၀) ရက်အတွင်း မွေးဖွားလာကြတဲ့လူတိုင်းကို မိန်ရာသီဖွား (Pisces) လို့ သတ်မှတ်ကြတယ်။ ရာသီခွင် (၁၂) ခုရှိတဲ့အထဲမှာ နောက်ဆုံးမြောက်ရာသီဖြစ်တယ်။ ကောင်းကင်မှာရှိတဲ့နက္ခတ်တွေမှာ ငါးနှစ်ကောင် ခေါင်း၊ ကျောပြိုင်လျက် ဆန့်ကျင်ဖက်သို့ လှည့်ပတ်ကူးခတ်နေတဲ့ ပုံစံမျိုးဖြစ်တယ်။ မိန်ရာသီကိုယ်စားပြု ငါးနှစ်ကောင်သင်္ကေတဟာ နွေရာသီ၊ တပေါင်းလထဲကျရောက်တဲ့သင်္ကေတပဲ ဖြစ်တယ်။

မိန်ရာသီဖွားကို အုပ်စုငါးစုခွဲတဲ့အခါမှာ ကျနော်က PISCES II ထဲမှာမွေးဖွားတယ်လို့ ဗေဒင်စာအုပ်သေးသေး တွေထဲက တစ်ဆင့် မှတ်သားဖူးတယ်။

မတ်လ (၄) ရက်နေ့မွေးဖွားတဲ့ ကျနော်ဟာ ဉာဏ်အသင့်အတင့်ကောင်းတယ်။ ပရဟိတစိတ်များတယ်။ အများအကျိုး အတွက် မွေးဖွားလာတဲ့သူလို့ ပြောရလောက်အောင် သူတပါးအတွက် ကြည့်တတ်တဲ့လူဖြစ်တယ်။ အဲ့ဒါကြောင့်လည်း ခေတ်သစ်ရက္ခိုင်သူပုန်ကြီးဖြစ်လာခဲ့ခြင်းဖြစ်တယ်။ သူပုန်အလုပ်ဆိုတာ အချိန်မရွေး အသက်ကပ်ပါသွားနိုင်တဲ့ ပရဟိတအလုပ်အမျိုးပဲ။ ကျနော့်ကိုမွေးတဲ့နေ့မှာ အားအကောင်းဆုံးနက္ခတ်က “ချီဂွေဗားရားနက္ခတ်”  ဖြစ်လိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။

သူများတွေပြောတာက ကျနော်ဟာ တသီးတသန့်နေထိုင်တတ်တဲ့အကျင့်ရှိတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ အခန်းတစ်ခန်းထဲမှာ အချိန်အကြာကြီး အေးဆေးနေထိုင်တတ်တဲ့အကျင့်ရှိတယ်။ The Loner တစ်ကိုယ်တော် သမားတော်ဘွဲ့ရဖြစ်တယ်။ ဒီအချက်ဟာ မှန်ကန်ကြောင်း တော်လှန်ရေးထဲမှာ တစ်ကိုယ်တော်ကျက်စားလှုပ်ရှားသွား လာရတဲ့အခါ ပိုသိလာရတယ်။ ဆန်တစ်ထုပ်၊ နေရာတစ်နေရာ၊ တစ်ယောက်တည်းလျှို့ဝှက်၊ လူမြင်မခံရအောင် နေထိုင်သွားလာခြင်းဟာ တစ်ကိုယ်တော်သမားဖြစ်တယ်ဆိုတဲ့ ဒီအချက်ကို ဟုတ်မှန်ကြောင်း သက်သေပြပေးခဲ့ခြင်းပင် ဖြစ်တယ်။

မဆုတ်မနစ်တဲ့ဇွဲလုံ့လရှိတယ်လို့တော့ ကျနော့်ကိုသိတဲ့သူတွေ၊ အချိန်အကြာကြီး ပေါင်းသင်းဖူးတဲ့ မိတ်ဆွေတွေရဲ့ မှတ်ချက်ပြုသံတော့ တစ်ခါတစ်ခါကြားမိတယ်။ ကျနော်ကတော့ တော်လှန်ရေးထဲကို ရောက်တဲ့အခါ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေနဲ့ အမြင့်ဆုံးသော ပြည်သူ့မျှော်လင့်ချက်ကို မဖြစ်ဖြစ်အောင် အကောင်အထည် ဖော်နေရလို့ နဂိုရှိပြီးသားဇွဲလုံံ့လ၊ ဝီရိယတွေဟာ အခုအချိန်မှာ ပိုလို့အားကောင်းလာတယ်လို့ ယုံကြည်နေတယ်။ ဒီလိုမျိုး စိတ်ဓာတ်တွေဟာ ကျနော့်ထက် ကျနော်တို့ ဗိုလ်ချုပ်မှာ ပိုအားကောင်းတယ်။

တော်လှန်ရေးထဲမရောက်ခင်အထိ အချစ်နဲ့ပတ်သက်ပြီး တစ်ဖက်သတ်အချစ်ကို ခံစားချက်အပြည့်နဲ့ စိမ့်စိမ့်ကြည့် ခံစားတတ်သူဖြစ်တယ်ဆိုတာ ကျနော်သဘောကျဖူးတဲ့သူတွေက မှတ်ချက်ပေးကြလိမ့်မယ်။ ပြီးတော့, ကျနော်ဟာ အချစ်ကို ကဗျာတစ်ပုဒ်လို ကောင်းကောင်းခံစားတတ်ပြီး အချစ်ကဗျာတွေဟာ ကျနော့်တစ်ခန္ဓာလုံး ပြည့်နှက်နေတယ်လို့ ပြောရလောက်အောင် အချစ်တွေနဲ့ နေထိုင်တတ်သူဖြစ်တယ်။

အနုပညာ ဗီဇ၊ ကဗျာ၊ စာပေအထုံပါရမီအခံရှိသူ ဖြစ်သည့်အလျောက် အရာရာတိုင်းကို အနုပညာလို့ ခံစားတတ်သူ ဖြစ်တယ်။ ဒီအချက်ဟာ တော်လှန်ရေးရဲ့ ဆင်းရဲကြမ်းတမ်းလောကဓံကိုဖြတ်သန်းတဲ့အခါ တော်တော်လေး အသုံးဝင်ခဲ့တယ်။ တော်လှန်ရေးအစပိုင်းကာလ ရင်ဘတ်နဲ့တွားသွားခဲ့ရတဲ့အချိန်တွေမှာ စိတ်ဓာတ်တွေယိုင်လဲမကျသွားရအောင် ဒီအနုပညာတွေက ထိန်းကျောင်းပေးခဲ့တယ်လို့ ပြောလို့ရတယ်။

ကျနော်တို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ကျနော့်ကို “မလွတ်မြောက်သေးတဲ့ ငါတို့လို အဖိနှိပ်ခံလူမျိုးတွေနှင့် တော်လှန်ရေးသမားတွေအတွက် နေ့တိုင်းဟာတော်လှန်ရေးနေ့ဖြစ်တယ်။ တရား၀င်နားရက်မထား ၊အထာမကိုင် ၊အလုပ်နန့်ငါ၊ငါနန့်အလုပ် ၊တာ၀န်သိစိတ်၊သစ္စာတရား  ဖြူစင်မှု၊ရဲရင့်မှု၊သတ္တိနှင့် မေတ္တာတရား၊လုံ့လဝီရိယ၊စေ့စပ်သီချာမှုတွေနှင့် ညီညွတ်သောအာရက္ခစစ်သည်များ၊အာရက္ခပြည်သူများ၏ ဒု-သေနာပတိချုပ်   Dr Nyo, ၏ ဘ၀ရှင်သန်ခြင်း၊ဒုက္ခသုခ၊လောကဓံ စိန်ခေါ်မှုအလှရားတွေကို  နေ့စဉ်မွေးနေ့ကဲ့သို့ ဖြတ်သန်းနေထိုင်ခြင်း ၄၂ ပြည့် Birthday မှာ ပျော်ရွှင်စေဖို့ ဆန္ဒပြုလိုက်တယ်-- ညီ"ဆိုတဲ့ မှတ်ချက်ကိုဒီနေ့ပေးတယ်။

ကိုးကန့်အတွင်းရေးမှူးကတော့ ကျနော့်ကို အသက်အငယ်ဆုံး၊အရိုးသားဆုံး၊ အလုပ်အများဆုံးလုပ်တဲ့ဗိုလ်ချုပ် ဆိုပြီး အမြဲစနောက်မှတ်ချက်ပေးလေ့ရှိတယ်။

မွေးစားအစ်ကိုကြီး တစ်ယောက်ကတော့ ကျနော့်ကို ရက္ခိုင်ဘုရင်တဲ့။ ဒီနေ့တော့ သူ့ဆီက သေနတ်တစ်လက် မွေးနေ့ လက်ဆောင်ရတယ်။ နောက်တစ်ခါဆို သေနတ်မတောင်းတော့ဘဲ သံလျက်ပဲပေးပါလို့ ပြောတော့မယ်။

ကျနော့်စိတ်ထားကောင်းမှုနှင့် စွန့်လွှတ်အနစ်နာခံမှုတွေကို စံနမူနာထား အတုယူဖို့ကြိုးစားနေတဲ့သူတွေ၊နွေဦးတော်လှန်ရေးထဲက GZ လူငယ်တစ်ချို့ နှင့် သူပုန်ဖြူကိုသိကြတဲ့ မိတ်ဆွေ၊သူငယ်ချင်းတွေကအခုလိုမျိုးမှတ်ချက်ပေးကြတယ်။

"တန်ဖိုးကြီးမားလွန်းတဲ့၊ ရှာမှရှားတဲ့ အမြုတေတစ်ခုလို ရခိုင်အမျိုးသား"

"အများအကျိုးအတွက်ရှင်သန်ရပ်တည်လာတဲ့ပရဟိတ အမျိုးကောင်းသား...."

"အာရက္ခတိုင်းပြည်နှင့် ရက္ခိတလမ်းစဉ်အတွက် ပေးဆပ်စွန့်လွှတ်အနစ်နာခံထားတဲ့ သူပုန်စာရေးဆရာ..."

"ဘုရားက အချိန်ယူဖန်ဆင်းထားတဲ့ စိတ်ရောလူပါ လှပအနုပညာဆန်၊ စိတ်နှလုံးဖြူစင်လှတဲ့ ညိုချောလေး..."

"တန်ဖိုးရှိ၊တန်ဖိုးကြီးမား၊အစားထိုးမရတဲ့ ပြည်သူ့အကျိုးပြုသူတော်ကောင်းလေး..."

" ပေါင်းလို့သင်းလို့ကောင်းတဲ့ အစ်ကိုကြီး"

" အများအတွက်စဉ်းစားပေးပြီး အကောင်းမြင်တတ်၊စိတ်သဘောထားမြင့်မြတ်တဲ့ ERO သူပုန်ခေါင်းဆောင်တွေထဲက ခေါင်းဆောင်တစ်ဦး--"

"ဒီနိုင်ငံရဲ့ တော်လှန်ရေးနယ်ပယ်ထဲက စာပေ၊အနုပညာသမားတစ်ဦး"

နောက်ပြီး---အများကြီးပါပဲ။ ကျနော့်အပေါ်မှတ်ချက်ကောင်းတွေပေးပြီးချစ်ပေးကြတဲ့သူတွေ၊ လူသားဆန်တော်လှန်ရေးသမားတွေ  နှင့် Special One ကိုကျေးဇူးပါ။

တကယ်ပဲ ကျနော်ဟာ ရိုးသားမှုဆိုတာကို အသက်ကဲ့သို့ တန်ဖိုးထားတယ်။ မြတ်နိုးတယ်။ ရိုးသားမှုဆိုတာ အနုပညာလို့ အမြဲမှတ်ယူပြီး ကိုယ်ပိုင် ကိုယ်တိုင်တည်ဆောက်ထားတဲ့ အနုပညာရပ်ဝန်းထဲမှာပဲ အမြဲနေထိုင်တယ်။ ကျနော်ရှိတဲ့နေရာဟာ ကျနော့်အနုပညာရပ်ဝန်း၊ ကျနော့်ခန္ဓာဟာ အနုပညာဗိမာန်၊ ကျနော့်လုပ်ရပ်၊ အပြောအဆို၊ အရေးအသားတိုင်းဟာ အနုပညာလို့ ခံယူပြီး တော်လှန်ရေးမှာ အကောင်းဆုံးပေးဆပ်နေပါတယ်။

တော်လှန်ရေး မပြီးမချင်း၊ ရက္ခိတလမ်းစဉ်အကောင်အထည်မပေါ်မချင်း တော်လှန်ရေးကို အနုပညာတစ်ခုလို သဘောထားပြီး ပေးအပ်လာတဲ့ တာဝန်တွေအတွက် အသင့်အနေအထားနဲ့ လက်ခံရရှိထားတဲ့တော်လှန်ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းလို့ရှိနေပါတယ်။

မတ်လ (၄) ရက်နေ့ဟာ တစ်နှစ်တာပတ်လုံးရဲ့ (၆၃) ရက်မြောက်နေ့။ ရက်ထပ်နှစ်တွေမှာတော့ (၆၄) ရက်မြောက်နေ့ ဖြစ်တယ်။ နှစ်တစ်နှစ်ကုန်ဆုံးဖို့ (၃၀၂) ရက်ကျန်သေးတယ်။ မတ်လ (၄) ရက်နေ့ဟာ နှစ်တစ်နှစ်ရဲ့ (၆၃) ရက်မြောက် နေ့ဖြစ်ပေမယ့် ကျနော့်အတွက်တော့ ပထမဆုံးနေ့ဖြစ်တာမို့ အဲ့နေ့မှာ မွေးဖွားတဲ့ ကျနော်အတွက်တော့ ဒီနေ့ဟာ နှစ်သစ်အစပထမရက်ဖြစ်တယ်။

မွေးနေ့နဲ့ပတ်သက်ပြီး ဘဝမှာ အမှတ်ရစရာတွေအများကြီး ကြုံဖူးခဲ့ပြီးပြီ။ အလယ်တန်းကျောင်းသား ဘဝတုန်းကဆို မွေးနေ့ကျရောက်တိုင်း သက်သတ်လွတ်စားတာတစ်ခုပဲလုပ်တယ်။ အထက်တန်းကျောင်းသား ဘဝမှာ သူငယ်ချင်းတွေကို မွေးနေ့ရောက်တိုင်း မုန့်လိုက်ကျွေး။ တက္ကသိုလ်ကျောင်းသားဘဝရောက်တဲ့အခါတော့ မွေးနေ့အထိမ်းအမှတ် ကဗျာစာအုပ်တွေထုတ်၊ မွေးနေ့ကိတ်လှီး၊ မွေးနေ့ဝိုင်တိုက် အစရှိသဖြင့် တစ်နှစ်တစ်ခါ ပုံမှန်ကျရောက်တဲ့ ကျနော့်မွေးနေ့ကို ပုံစံအမျိုးမျိုး၊ မိတ်ဆွေသူငယ်ချင်းအမျိုးမျိုးနဲ့ အသက်အရွယ်အလိုက်၊ ဘဝဖြတ်သန်းမှု အခြေအနေ အလိုက် ရင်ခုန်စွာကျင်းပခဲ့တယ်။ ကျင်းပနေဆဲဖြစ်တယ်။

ကိုယ်တိုင်စိုက်ပျိုးထားတဲ့ဘူးစင်အောက်မှာ တွဲလောင်းကျ လတ်လတ်ဆတ်ဆတ်ဘူးသီးတွေနဲ့အတူ ကျနော့်မွေး နေ့ကို ကျင်းပဖူးတယ်။ ရန်ကုန်၊ ဆရာစံလမ်းက ရွှေပန်ဆိုင်း အကင်ဆိုင်မှာလည်း မွေးနေ့ကျင်းပဖူးတယ်။ ရန်ကုန်မြို့က အိမ်တချို့မှာ အခမ်းနားဆုံးမဟုတ်ပေမယ့် အရင်းနှီးဆုံးမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ကျင်းပဖူးတယ်။ မှတ်မှတ်ရရ စားလို့ကောင်းတဲ့ အယ်ဒိုရာဒို E’LDORADO ကိတ်နဲ့ ကျင်းပဖူးတယ်။

နောက်ထပ် အမှတ်ရစရာမွေးနေ့တစ်ခုက Silver Anniversary ငွေရတုမွေးနေ့မတိုင်မီ နှစ်လုံးထီပေါက်လို့ အဲ့မွေးနေ့ကို ထင်ထားတာထက်ပိုပြီး ခမ်းခမ်းနားနားကျင်းပခွင့်ရခဲ့တယ်။ တော်လှန်ရေးကာလမှာလည်း အပတ်စဉ် (၁) သင်တန်းတက်နေတုန်း ၂၀၀၉ မတ်လ (၄) ရက်၊ ကျနော့်မွေးနေ့ကို “ဂျာတူခေါင်” ရဲ့ ကျနော်တို့ သင်တန်းကွင်းနေရာမှာ ကျင်းပခဲ့ကြတယ်။ သင်တန်းကာလ ဆီတို့ဖူးနဲ့အသားကျပြီး အသားငတ်နေကြတဲ့အချိန်မှာ အသားကိုက်ခဲ့ရတဲ့မွေးနေ့ပေါ့။ ကျနော်တို့ အပတ်စဉ် (၁)၊ AA အစကာလရဲ့ ပထမဆုံးမွေးနေ့လို့ ပြောရင်တောင် ရလောက်တယ်။

နောက်ထပ် အမှတ်ရစရာတစ်ခုက ဆေးတက္ကသိုလ် (၂) မြောက်ဥက္ကာလပမှာ ဆေးကျောင်းတက်တုန်းက စာသင်ခန်း (ဘာရှာ)မှာ ရှေ့ဆင့်၊ နောက်ဆင့်ထိုင်ခဲ့တဲ့ ကျနော့်သူငယ်ချင်းမတစ်ယောက်နဲ့ မွေးနေ့၊ မွေးလ၊ မွေးနှစ် တူခဲ့တယ်ဆိုတာကို ဆေးကျောင်းပြီးတဲ့အခါလောက်မှ သိခဲ့ရတယ်။ သူမကတော့ အခု UK မှာပေါ့။ ကျနော့်ရဲ့ ဖွားဖက်တော်လို့ ပြောရင်ရတယ်။

ကမ္ဘာပေါ်တွင် ကျနော်နဲ့ မွေးနေ့တူတဲ့ ထင်ရှားတဲ့ ဖွားဖက်တော် (၄/၅)ယောက်လောက်ကို မှတ်ထားဖူးတယ်။ ပထမဆုံး တစ်ယောက်က Tower Of London တေးသီချင်းကိုသီဆိုခဲ့တဲ့ Punk & Rock အင်္ဂလိပ်အဆိုတော် Donny Tourette၊ နောက်တစ်ယောက်က အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်အဆိုတော်မ Carol Babawa ၊ နောက်တစ်ယောက်က ကျနော့်ကဲ့သို့သော ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ပေါ်တူဂီဘောလုံးအသင်းမှ မထင်မရှားကစားသမား Ariza Makukula တို့ဖြစ်ကြတယ်။

ဒီလူတွေဟာ ကမ္ဘာ့နေရာအသီးသီးမှာ ကျနော်နဲ့ နေ့ရက်တူမွေးခဲ့ကြတဲ့ ဖွားဖက်တော်တွေဖြစ်တယ်။ ဖွားဖက်တော် မဟုတ်ပေမယ့် ကျနော်နဲ့မွေးနေ့တူတဲ့လူတွေထဲမှာ ထင်ရှားကျော်ကြားကြတဲ့ နောက်တစ်ယောက်က အမေရိကန် လက်ရွေးစင်ဘောလုံးအသင်းမှ Landon Timothy Donaovan နဲ့ David Beckham ရဲ့ သားကြီး Brookklyn Joseph Beckham တို့ဖြစ်ကြတယ်။

မတ်လ (၄) ရက်ထူးခြားတဲ့ အဖြစ်အပျက်တွေထဲ ၁၉၉၇ ခုနှစ်၊ မတ်လ (၄) ရက်နေ့မှာ ဘရာဇီးနိုင်ငံ၊ ဆီးနိတ်လွှတ်တော်မှာ အမျိုးသမီးများကို ရိုးရိုးဘောင်းဘီဝတ်ခွင့်ပြုလိုက်တယ်ဆိုတဲ့အချက်ဖြစ်တယ်။

ကမ္ဘာမှာ လူပြောအများဆုံးစကားတစ်ခွန်းထဲမှ တစ်ခုဖြစ်တဲ့ "မွေးတစ်နေ့၊ သေတစ်နေ့" ဆိုတဲ့စကားဟာရိုးရိုးလေးနဲ့ လူတိုင်းနားလည်တဲ့ စကားအဖြစ် နေရာယူထားတယ်။ ဒါကြောင့် ကျနော့်မွေးနေ့မှာ ဒီစာကိုမိတ်ဆွေတို့ဖတ်ဖြစ်ချင် ရောက်တဲ့နေရာက ကျနော့်မွေးနေ့ကို အမှတ်ရပြီး အဆင်ပြေသလို ဘာနှင့်ပဲဖြစ်ဖြစ် တစ်ခွက်လောက်တော့ “ကြိုး" ပစ်လိုက်ပါ။

၁၉၈၁ ခုနှစ်မှာမွေးခဲ့တဲ့ ကျနော်ဟာ ၂၀၂၃ ခုနှစ်၊ မတ်လ (၄) ရက်၊ဒီနေ့မှာ အသက်လေးဆယ့် နှစ်နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်တယ်။ အသက်လေးဆယ်ပြည့်ရင် လူ့ဘဝစတယ်လို့ပြောကြတဲ့အတိုင်း အားမာန်အပြည့်၊စိတ်ကိုယ်လန်းဆန်းမှုအပြည့်နှင့်အသင့်ဖြစ်လျက်ရှိတယ်။

Although a saying goes, “No one is perfect” but you are perfect just the way you are. Don’t forget, “Birthday is a step to death” and don’t hide your age.

မွေးနေ့ဆုတောင်းပေးကြတဲ့သူ၊ မွေးနေ့လက်ဆောင်ပေးကြတဲ့သူတွေ၊ ဒီနေ့မွေးနေ့ကို ပုံစံတစ်မျိုးမျိုးနဲ့ ပတ်သက်ခဲ့ကြသူတွေ အပါအဝင် ကျေးဇူးတင်သင့်သူအားလုံး ကို အထူးကျေးဇူးတင်ရှိပါတယ်။

အသက်ရှင်နေသမျှကာလပတ်လုံး မတ်လ(၄) ရက်ရောက်တိုင်း ကျနော့်မွေးနေ့ကို ချစ်သူခင်သူ၊ မိတ်ဆွေအသစ်၊အဟောင်း၊ ရဲဘော်ရဲဖက်တွေနှင့်ကျင်းပနေအုံးမှာပါ။နောက်နှစ် (၄၃) နှစ်ပြည့်မွေးနေ့ကို အာရက္ခတိုင်းပြည်မှာ အာရက္ခပြည်သူ၊ပြည်သားများ၊ ချစ်ဆုံးသူတွေနှင့်တူတူကျင်းပခွင့်ရရှိဖို့ဆန္ဒရှိနေတယ်။

ရခိုင်လူမျိုး Dr.ညိုထွန်းအောင်

၂၀၂၃ ခုနှစ်၊ မတ်လ (၄) ရက်၊ စနေနေ့။









 


Share on social

You may also like this