မောင်းသူမဲ့ကင်းထောက်လေယာဉ်ငယ် တစ်စင်းအားရက္ခိုင့်တပ်တော်မှသိမ်းဆည်းရရှိခဲ့

blog

Date : 25-Jun-2020

Nyo Twan Awng

မြန်မာ့တပ်မတော်မှ သုံးစွဲနေသောအစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး Skylark I-LEX အမျိုးအစားမောင်းသူမဲ့ကင်းထောက်လေယာဉ်ငယ် တစ်စင်းအားရက္ခိုင့်တပ်တော်မှသိမ်းဆည်းရရှိခဲ့ပြီး ၎င်းယာဉ်အားလာရှာသော ခမရ(၅၃၆) မှ တပ်ဖွဲ့ဝင် များ ၏ သား(၃) ဦးအား ဖမ်းဆီးထိန်းသိမ်းထား

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၅) ရက်











မြန်မာ့တပ်မတော်သည် ကိုရိုနာကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး၊ တားဆီးရေး၊ တိုက်ဖျက်ရေးကာလ၊ မိုးတွင်းကာလ၌ပင် ရက္ခိုင့်တပ်တော်အပေါ် ၎င်းတို့၏စစ်ဆင်ရေးမှာ ရပ်တန့်ခြင်းမရှိသေးဘဲ UAS (Unmanned Aircraft System) မောင်းသူမဲ့ကင်းထောက် လေယာဉ်ငယ်များဖြင့် ထိုးဖောက်ကာ လက်နက်ကြီးပစ်ကူများနှင့်အတူ ကြီးမားသောထိုးစစ်များကို ဆက်လက်ပြုလုပ်နေသည်။ မိုးရာသီအတွင်း ကြီးမားသောစစ်ဆင်ရေးများကိုပြုလုပ်နေသည်မှာ ရခိုင်ဒေသအတွင်း မိုးရာသီ၌ တောင်သူလယ်သမားများစပါးများစိုက်ပျိုး၍မရအောင်၊ နောက်နှစ်၌ ဆန်စပါးရှားပါးအောင်တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်ပြုလုပ်နေခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၄)ရက်၊ ညနေ(၄) နာရီ(၂၀) မိနစ်တွင် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးတံတားအနီးတွင် စစ်ဆင်ရေးသွားလာနေကြသည့် မြန်မာ့တပ်မတော်၏ အင်အား(၁၀၀) ခန့်ပါရသေ့တောင်အခြေစိုက် စစ်ကြောင်းတစ်ခု နှင့် ရက္ခိုင့်တပ်တော် လှုပ်ရှားစစ်ကြောင်းတို့ မိနစ်အနည်းကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ 

အချိန်တိုတိုထိတွေ့မှုအတွင်းရန်သူသည် အထိအခိုက်အကျအဆုံးများပြီး နေရာအနှံ့အပြားသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ်(၄၅) မိနစ်ခန့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှမျက်မြင်သေဆုံးသူ(၈) ဦး၊ ထိခိုက်ဒဏ်ရာရသူ(၇) ဦးအထိရှိခဲ့သည်။

ထို့နောက်တွင် မြန်မာ့တပ်မတော်သည် လူမျိုးရေးအမုန်းတရားများဖြင့်ရပ်ရွာများအတွင်းလက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့်ရသေ့တောင်မြို့၊ စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သော ရွှေပါရမီကျောင်းစခန်းအနီးထိမှန်ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် ၎င်းစစ်ဘေးရှောင်စခန်းမှ အသက်(၅၆) နှစ်ရှိပြီး (စိတ်၊ကိုယ်ကျန်းမာရေးမကောင်းသူ) အဖ ဦးရွှေနိုးအောင်၏သားဖြစ်သည် ဦးမောင်အေးညွန့် ၏ ဘယ်ဖက်ခြေသလုံးတွင်ထိမှန်၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

၎င်းစစ်ကြောင်းမှ အသုံးပြုနေသောအစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး Skylark I-LEX အမိုျးအစားမောင်းသူမဲ့ကင်းထောက်လေယာဉ်ငယ်တစ်စင်းအားရက္ခိုင့်တပ်တော်မှသိမ်းဆည်းရမိခဲ့သည့်အပြင် ၎င်းယာဉ်အားလာရှာသည့် ရသေ့တောင်အခြေစိုက်၊ ခမရ(၅၃၆) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၏ သားများဖြစ်ကြသော 


(၁)  မောင်ကျော်သူရ (အသက် -၂၄ နှစ်/ရခိုင် / ဗုဒ္ဓဘာသာ) 
အဖ -တပ်ကြပ်ကြီး အေးကျော်( ရခိုင်လူမျိုး/ ခမရ ၅၃၆-ရသေ့တောင်)

(၂) မောင်နေဆန်းဦး (အသက် -၂၃ နှစ်/ရခိုင် / ဗုဒ္ဓဘာသာ) 
အဖ -တပ်ကြပ် လှရွှေ ( ရခိုင်လူမျိုး/ ခမရ ၅၃၆-ရသေ့တောင်)

(၃)မောင်မိုျးဟိန်းစံ (အသက် -၂၀ နှစ်/ရခိုင်လူမျိုး/ ဗုဒ္ဓဘာသာ) 
အဖ-တပ်ကြပ်ကြီး စံသိန်း (ရခိုင်လူမျိုး/ခမရ ၅၃၆-ရသေ့တောင်)

(၃) ဦးတို့အားဖမ်းဆီးရမိခဲ့သည်။ 

မြန်မာ့တပ်မတော်၏ လုပ်လေ့လုပ်ထရှိသောလုပ်ရပ်များထဲတွင် ၎င်းတို့၏တပ်ဖွဲ့ဝင်များထဲမှ ဒေသခံလူမျိုးများ၏ သားသမီးများ၊ဆွေမျိုးများ၊ သတင်းပေးများကို ၎င်းတို့၏စစ်ဆင်ရေးအထောက်အကူပြုလုပ်ငန်းများ၌အသုံးပြုခြင်းသည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ရခိုင်ဒေသစစ်ဆင်ရေးများ၌ ဤကဲ့သို့ ၎င်းတို့တပ်ဖွဲ့ဝင်များ၏ သားများကို စစ်ဆင်ရေး၊ ထောက်လှမ်းရေး၊ ရိက္ခာဝယ်ယူပို့ဆောင်ရေးတို့အပြင် ပဋိပက္ခများကိုဖန်တီးရာ၌ အသုံးပြုရန် တစ်ပါတည်းခေါ်ဆောင်လာသည်များကိုလေ့လာတွေ့ရှိရသည်။





ထို့အပြင် တိုက်ပွဲဖြစ်ပွားရာပတ်ဝန်းကျင်၏အနီးအနားကျေးရွာများမှ ကျေးရွာတာဝန်ခံများအား မြန်မာ့တပ်မတော်၏အဆိုပါစစ်ကြောင်းမှ ဖုန်းဆက်၍ ၎င်း မောင်းသူမဲ့ကင်းထောက်လေယာဉ်ငယ်အား ရှာပေးရန်၊ ရှာမတွေ့ပါက တစ်ရွာလုံးမီးရှို့ပစ်မည်၊ တွေ့သမျှပစ်သတ်မည်ဟု ခြိမ်းခြောက်ကာ ရခိုင်ပြည်သူလူထုများအား စိုးရိမ်ထိတ်လန့်အောင်ပြုလုပ်ခဲ့သည်။ 

မြန်မာ့တပ်မတော်သည် နိုင်ငံရေး၊လူမျိုးရေးပဋိပက္ခများ၊ အဖျက်အမှောင့်လုပ်ငန်းများကိုဖန်တီးလုပ်ဆောင်ခြင်း၊ လူမျိုးစုအချင်းချင်းအကြားသွေးခွဲရန်တိုက်ခြင်း စသည်တို့ကို မြန်မာ့တပ်မတော်၏တပ်တွင်းထဲရှိ ရခိုင်လူမျိုး ဗမာစစ်မှုထမ်းအချို့ နှင့်၎င်းတို့၏အမာခံများကိုအသုံးပြု၍ ရခိုင်ဒေသအနှံ့ခပ်စိပ်စိပ်ပြုလုပ်လာနေသည်။ ထို့ကြောင့် ရခိုင်ဒေသအတွင်းနေထိုင်ကြသော ဒေသခံပြည်သူလူထုများအနေဖြင့် ဤအချက်ကိုအထူးသတိထားကာ သွားလာနေထိုင်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this