၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၄) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 25-Dec-2019

၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ(၂၄) ရက်နေ့တွင် ပလက်ဝ၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်များ၌ တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ မြန်မာ့တပ်မတော်သည် ဂျက်တိုက်လေယာဉ်၊ ဟတ်စကီးများဖြင့်လာရောက်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးတိုက်ပွဲများပြင်းထန်သောနေ့တစ်နေ့လည်းဖြစ်ခဲ့သည်။ ဒီဇင်ဘာလ(၂၄) ရက်၊ နံနက်(၈)နာရီ(၄၅)မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ နှုန်းဘူးရွာအနောက်တောင်ဖက်(၁.၅) ကီလိုမီတာအကွာအဝေးရှိ မိမိတို့ရှိရာနေရာသို့ မြန်မာ့တပ်မတော် မှ ထပ်မံကျူးကျော်ဝင်ရောက်လာသောကြောင့် ဤပတ်ဝန်းကျင်၌တတိယနေ့အဖြစ်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခင်နေ့များ၌ အထိအခိုက်၊အကျအဆုံးများခဲ့သောရန်သူသည် ဂျက်ဖိုက်တာ(၂) စီးဖြင့် နေ့လည်(၂) နာရီ(၃၀) မိနစ်မှစတင်၍နာရီဝက်(မိနစ်၃၀) ကျော်ကြာ လာရောက်တိုက်ခိုက်ခဲ့သည်။ ပလက်ဝမြို့နယ်အတွင်း အခြားနေရာတစ်ခုဖြစ်သည့်"ပိန္နဲတပင်ရွာ"အနောက်ဖက်(၄.၅) ကီလိုမီတာအကွာအဝေး၌လည်း နေ့လည်(၂) နာရီ(၁၀) မိနစ် မှစတင်၍တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ နေ့လည်(၁၂) နာရီ(၄၅) မိနစ်တွင်လည်း၊ မင်းပြားမြို့နယ်၊ အိုးပုံတောင်ရွာမြောက်ဖက်၊(၁.၁) ကီလိုမီတာအကွာအဝေး( တိုင်းဗဟို(၉) မှ ၃-ကီလိုမီတာခန့်) တွင် မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားလာသော အင်အား(၁၀၀) ခန့်ပါ မြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းတို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲတွင်လည်းရန်သူသည် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ရွာသစ်အနီးတွင်လည်း နံနက်(၁၀) နာရီ (၁၀) မိနစ်ခန့်တွင် မြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော်မှမိနစ်အနည်းငယ်ကြာဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ အချိန်တိုတိုအတွင်း ရန်သူ(၁၀) ဦးခန့်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ အခြားနောက်ဆက်တွဲတိုက်ပွဲသတင်းများရှိပါကဆက်လက်တင်ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this