၂၀၁၉ ခုနှစ် အောက်တိုဘာလ(၂၇/၂၈/၂၉/၃၀/၃၁) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 01-Nov-2019

Nyo Twan Awng

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၇) ရက်၊ နံနက်(၁၀)နာရီ ခန့်မှစ၍ မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ၊အရှေ့မြောက်ဖက်(၂.၈) ကီလိုမီတာအကွာအဝေးရှိ ပွိုင့်(၂၀၃) တောင်ကုန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာစစ်တပ်၏ စကခ(၁၅) လက်အောက်ခံ ခမရ(၅၅၁) သည်၎င်းကုန်းအားလက်နက်ကြီးစခန်းအဖြစ်အသုံးပြု၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သောကြောင့် ၎င်းလက်နက်ကြီးစခန်းကုန်းအား ရက္ခိုင့်တပ်တော်မှထိုးစစ်ဆင်တိုက်ခိုက်ရခြင်းဖြစ်သည်။ ခြောက်နာရီကျော်ကြာပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် ၎င်းလက်နက်ကြီးစခန်းဖြစ်သောပွိုင့်(၂၀၃) ကုန်းအားအလုံးစုံမသိမ်းပိုက်နိုင်ခဲ့သော်လည်း လက်နက်ကြီးပစ်နှုန်းအားလျော့ချအောင်ပြုလုပ်နိုင်ခဲ့သည်။ မိမိတို့၏ ယခုတိုက်ခိုက်မှုအတွင်း မိမိတို့ဖက်မှအထိအခိုက်အကျအဆုံးအချို့ရှိခဲ့ပြီး ရန်သူ့ဖက်မှ အနည်းဆုံး(၅) ကျဆုံးပြီး (၁၀) ကျော်ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၇) ရက်၊နေ့လည်(၂) နာရီခန့်အချိန်တွင်လည်း ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာ၊အရှေ့ဖက်(၄) ကီလိုမီတာအကွာအဝေးရှိ "စူးဘုတ်တောင်" ပေါ်တွင်လည်း မြန်မာစစ်တပ်ဖက်မှ မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့် မိနစ်(၉၀) ခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ရန်သူသည် အထိအခိုက်အကျအဆုံးများဖြင့် နောက်ဆုတ်သွားခဲ့သည်။ ယခုတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများကိုသိမ်းဆည်းရမိခြင်းမရှိသော်လည်း ရန်သူ့ဖက်မှ ထိခိုက်၊ကျဆုံးသူစုစုပေါင်း (၁၅) ဦးအထက်ရှိခဲ့သည်။ အောက်တိုဘာလ(၂၈) ရက်နေ့တွင်လည်း ရသေ့တောင်မြို့နယ်အတွင်း ရေစိုးချောင်းဗျူဟာအား ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းမှ လက်နက်ကြီးများဖြင့် သတိပေးပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နံနက်(၆) နာရီမှ နံနက်(၈) နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ့အထိအခိုက်အကျအဆုံးအားမသိရသေးပါ။ အောက်တိုဘာလ(၂၈) ရက်နေ့တွင်လည်း မြန်မာစစ်တပ်သည် မင်းပြားမြို့နယ်၊ ကျော်ကရွာ အနောက်မြောက်ဖက်တောင်တန်းပေါ်တွင် မိမိတို့အား ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားလာခဲ့သောကြောင့် တိုက်ပွဲများကြိုကြားကြိုကြားဆက်လက်ဖြစ်ပွားခဲ့သည်။ ယနေ့တိုက်ပွဲအတွင်း၌ ရန်သူ့ဖက်မှ အသေအပျောက်များရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။ရန်သူအလောင်း(၆) လောင်းအား မျက်မြင်တွေ့ရှိခဲ့သည်။ နေ့လည်(၁) နာရီ(၄၀) မိနစ်တွင် မြန်မာစစ်တပ်သည် ဟတ်စကီး(၃) စီးဖြင့် ပွိုင့်(၂၀၃) ကုန်းပတ်ဝန်းကျင်အား မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မိမိတို့ဖက်မှ လည်း AA Gun များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရဟတ်ယာဉ်(၃) စီးထဲမှ တစ်စီးအား ထိမှန်မှုရှိခဲ့သည်။ ထို့နောက် ၎င်းဟတ်စကီးများသည် မြောက်ဦးမြို့ထက်မှ မိနစ်အနည်းငယ်ကြာဝဲပံျပြီး လူထုအားစိုးရိမ်ထိတ်လန့်မှုများပေးခဲ့သည်။ အောက်တိုဘာလ(၂၉) ရက်နေ့ တွင်လည်း ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာနှင့် င/စံဘော်ရွာအကြားတွင် မြန်မာစစ်တပ်၏တက်မ(၂၂) လက်အောက်ခံ၊ ခမရ(၂၁၀) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ခမရ(၂၁၀) သည် ရခိုင်ပြည်သူလူထုများအား မတရားသဖြင့်ဖမ်းဆီးခြင်း၊ အစုလိုက်အပုံလိုက်သတ်ဖြတ်ခြင်းအပါအဝင် ရွာသားများပိုင်ဆိုင်သောပစ္စည်းများကိုခိုးယူခြင်း၊လုယက်ခြင်းများကိုဆက်တိုက်ပြုလုပ်လျှက်ရှိသောကြောင့် ရက္ခိုင့်တပ်တော်မှ လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။ ခမရ(၂၁၀)ရန်သူ့စစ်ကြောင်းအား အထိနာအောင်ပြုလုပ်နိုင်ခဲ့ပြီး ရန်သူ့ခြင်းတောင်း(၅၂) လုံးသိမ်းဆည်းရမိခဲ့သည်။ ရန်သူသည် င/စံဘော်ရွာအတွင်းထွက်ပြေးသွားပြီး ၎င်းရွာအတွင်းမှ ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် င/စံဘော်ရွာသူရွာသားများအား လူသားဒိုင်းကာအဖြစ်အသုံးပြုနေသည့်အပြင် အမျိုးသမီးများအား မုဒိန်းကျင့်ရန်ကြံစည်အားထုတ်နေမှုများရှိပြီး တစ်ရွာလုံးအားမီးရှို့ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုလျှက်ရှိကြောင်း ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးမှပြောကြားချက်အရသိရှိရသည်။ တိုက်ပွဲနောက်ဆက်တွဲနှင့် အောက်တိုဘာလ(၃၀/၃၁) ရက်နေ့ တိုက်ပွဲများ၊အခြားတိုက်ပွဲများအကြောင်းကိုမနက်ဖန်၌ဆက်လက်တင်ပေးပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this