၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) (၂၅) နှင့် (၂၆) ရက်နေ့ ၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 23-Feb-2019

Nyo Twan Awng

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ “နလိတ်ရွာ”တောင်ဘက် (၄) ကီလိုမီတာခန့်ကွာဝေးသောတောင်ကြောပေါ်တွင် မိမိတို့ရက္ခိုင့်တပ်မတော်အားထိုးစစ်ဆင်တိုက်ခိုက်လာသော ဗမာလက်နက်ကိုင်တပ်နှင့် (၁) နာရီနီးပါးတိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲအတွင်းအထိအခိုက်အကျအဆုံးများကိုမသိရခဲ့ပါ။ ဖေဖော်ဝါရီလ(၂၄) ရက်၌မိမိတို့အနေဖြင့်တိုက်ပွဲများမရှိခဲ့ပါ။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ "ဥတ္တလင်းချောင်း"အနောက်ဘက်တောင်ကြောပေါ်တွင်လည်း တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့သည်။နံနက် (၉) နာရီ (၂၀) မိနစ်တွင်ဗမာလက်နက်ကိုင်တပ်သည်မိမိတို့ရှိရာနေရာသို့ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုစတင်ပြုလုပ်ခဲ့ပြီးနာရီဝက်ကျော်ခန့် ကြာမြင့်ခဲ့သည်။ ရန်သူသည်တပ်လန်သွားပြီးနောက်,နံနက် (၁၀) နာရီတွင် ဒုတိယတစ်ကြိမ် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့ပြီးမိနစ် (၃၀) ခန့်ကြာမြင့်ခဲ့သည်။ဒုတိယအကြိမ်ထိုးစစ်အပြီးတွင်လည်းရန်သူသည်တပ်လန်သွားခဲ့ပြီးနောက်တစ်ကြိမ်ထပ်မံတက်မလာတော့ပါ။ 

ဤတိုက်ပွဲများအတွင်း နယ်ချဲ့သောင်းကျန်းသူဗမာလက်နက်ကိုင်တပ်မှ သေဆုံးသူ(၃)ဦး (မျက်မြင်) အပြင်ဒဏ်ရာရသူအများအပြားလည်းရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင်လည်း တိုက်ပွဲများဆက်လက်ရှိနေခဲ့ပါသည်။ ဘူးသီးတောင်မြို့နယ်၊"ဆင်သေပြင်ရွာ" နှင့်" ခေါင်းတိုက်ရွာ" အကြားတွင်နံနက် (၁၀) နာရီ (၃၅) မိနစ်မှ နံနက်(၁၁) နာရီ(၂၀) မိနစ်အထိ (၄၅) မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့တိုက်ပွဲသည်လည်း ဗမာလက်နက်ကိုင်တပ်မှ မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ယနေ့တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ "ခွေး"(စစ်ပွဲအတွင်း၌သုံးသောခွေးဟုယူဆရ) တစ်ကောင်အပါအဝင် (၁၀) ဦးခန့်ကျဆုံးနိုင်ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။ အထိအခိုက်အကျအဆုံးများသောဗမာလက်နက်ကိုင်တပ်သည် လက်နက်ကြီးများဖြင့်နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှုများရှိခဲ့သည်။ ရခိုင်ပြည်အတွင်း တိုက်ပွဲများသည် ရက်ဆက်နီးပါးရှိနေခဲ့ပြီး ဗမာလက်နက်ကိုင်တပ်သည် ရက္ခိုင့်တပ်မတော်အားထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာကာလအတော်ကြာခဲ့ပြီဖြစ်သည်။ ဆက်လက်၍ လည်းဗမာလက်နက်ကိုင်တပ်သည်,အဆမတန်များပြားသောအင်အား၊လက်နက်များကိုအသုံးပြုကာရခိုင်ပြည်၏နေရာအနှံ့အပြား၌အရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင်နေသောကြောင့်တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိနေပါသည်။ 

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်မတော် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆) ရက်။


Share on social

You may also like this