ထွက်ဆိုချက် Video (ရုပ်သံဖိုင်)များနှင့် ပတ်သက်၍ ရှင်းလင်းချက်

blog

Date : 30-Jun-2022

Nyo Twan Awng

 


ယခုရက်များအတွင်းထုတ်ပြန်ခဲ့သည့် ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒရွာ(မူဆလင်ရွာ)၌ ဖြစ်ပွားခဲ့သော စပါးကောက်လှိုင်းပုံများ မီးရှို့ခဲ့သည့် အမှုဖြစ်စဉ်ဆိုင်ရာ ထွက်ဆိုချက် Video (ရုပ်သံဖိုင်)များနှင့် ပတ်သက်၍ ရှင်းလင်းချက်

၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀) ရက်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်၊ ည (၇) နာရီ (၄၅) မိနစ်အချိန်တွင်ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒရွာ(မူဆလင်ရွာ)မှ ရွာသားနှစ်ဦးဖြစ်သော"မော်ဂျူဘီ" နှင့် "မာမောက်"တို့၏ စပါးကောက်လှိုင်းပုံများကို ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်မီးရှို့ခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ အဆိုပါကိစ္စအား ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ အချိန်နှင့်တပြေးညီစုံစမ်းခဲ့ပြီး တရားခံများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါသည်။

 

မိမိတို့သည် ဖြစ်စဉ်ဖြစ်ရပ်အမှန်ကို ယခင်ကပင် စုံစမ်းစစ်ဆေး သိရှိထားပြီးဖြစ်သော်လည်း ထိုအချိန်က ချက်ချင်း မထုတ်ပြန်ဘဲ သိုသိုသိပ်သိပ်ထိန်းသိမ်းထားခဲ့သည်မှာ အဆိုပါလုပ်ရပ်များကို အကြောင်းပြ၊ ပုံကြီးချဲ့ပြီး လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ မတည်ငြိမ်မှုများဆီ ဦးတည်သွားမည်ကို စိုးရိမ်မိသောကြောင့်လည်းကောင်း သေးငယ်သော ပြဿနာကို ကြီးမသွားစေလိုခြင်း တို့ကြောင့် လည်းကောင်း အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သော တရားခံများထဲမှ အချို့အား ဖမ်းဆီးကာ ထိုက်သင့်သော ပြစ်ဒဏ်ကိုချမှတ်ခြင်းကိုသာ ပြုလုပ်ခဲ့သည်။

 

၎င်းဖြစ်စဉ်ပါ တရားခံများထွက်ဆိုထားသော video (ရုပ်သံဖိုင်) ငါးခုပါ အကြောင်းအရာနှင့်ပတ်သက်၍  မေးမြန်းစုံစမ်းမှုများမှာ ယခုရက်များအတွင်း ခပ်စိပ်စိပ်ရှိလာခဲ့သည်။ ထို့အပြင် တခြားမရိုးသားသော ဆန္ဒဖြင့် မိမိတို့အဖွဲ့အစည်းအပေါ် စွပ်စွဲမှုများရှိလာခြင်း၊ ဤဖြစ်ရပ်ကို အကြောင်းပြု၍ မကောင်းသည့် အကြံအစည်နှင့်အတူ လှုံ့ဆော်မှုများရှိလာခြင်း၊ ဖြစ်စဉ်ပါကျူးလွန်သူများ၏ အပြစ်ကို ဖုံးကွယ်လို၍ အခြားသောသူများအပေါ် အပြစ်ပုံချကာ ဖြစ်ရပ်မှန်ကို ပျောက်သွားအောင် ပြုလုပ်လာခြင်း စသည်တို့ကြောင့် အချိန်ကြာမြင့်သည်အထိ မထုတ်ပြန်ဘဲထားသော သက်သေအထောက်အထားများအား အခြေအနေ၏လိုအပ်ချက်အရ အဖြစ်မှန်ကို အများပြည်သူတို့သိရှိစေရန် ယခုအချိန်ကျမှ ထုတ်ပြန်လိုက်ရခြင်းဖြစ်သည်။

လူအုပ်စုတချို့သည် လူ့အခွင့်အရေးကို တလွဲအသုံးချပြီး ရက္ခိုင်ဒေသအတွင်း၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ၏ အမှန်တရားကို ဖျောက်ဖျက်ရန်ကြိုးစားသော ဖြစ်ရပ်များမှာ ယခင်ကာလများ၌ သာဓကများစွာရှိခဲ့ဖူးသောကြောင့် ဤဖြစ်ရပ်နှင့်ပတ်သက်သည့် အမှုတွဲ၊ စစ်ဆေးထွက်ဆိုချက် မှတ်တမ်းများကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများနှင့် ပိုသင့်ပိုထိုက်သော သူများထံသို့ မိမိတို့အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလဆန်းစကတည်းကပင် ပေးပို့ထားရှိပြီးဖြစ်သည်။

 

ဤအမှုဖြစ်စဉ်အား သေချာဆန်းစစ်ကြည့်ပါက တချို့သောသူများသည် လူ့အခွင့်အရေးကို အကာအကွယ်ယူပြီး နိုင်ငံတကာအဖွဲ့အစည်းများအတွင်း ဝင်ရောက်ကာ ဒေသတွင်း လူမျိုးရေးပဋိပက္ခ၊ မတည်မငြိမ်မှုများကို အကွက်ချ ပြုလုပ်သည့် မရိုးသားသော အပြုအမူများနှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်များကို အထင်အရှား တွေ့ ရှိရပေလိမ့်မည်။

 

သို့ဖြစ်၍ လူ့အခွင့်အရေးကိုဗန်းပြလျက် နိုင်ငံတကာအဖွဲ့အစည်းများကိုအသုံးချကာ မိမိတို့၏ ဒေသတွင်း အေးချမ်း တည်ငြိမ်မှုကို ပြိုကွဲပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ ပိုမိုကြိုးစားလုပ်ဆောင်လာနေသောကြောင့် ဤအမှုဖြစ်စဉ်အမှန်ကို အခြေအနေ၏လိုအပ်ချက်အရ ယခုကဲ့သို့ မလွှမရှောင်သာ ထုတ်ပြလိုက်ရခြင်း ဖြစ်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်


Share on social

You may also like this