သတင်းထုတ်ပြန်ချက်

blog

Date : 05-Dec-2023







သတင်းထုတ်ပြန်ချက်

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ၊ နံနက် (၆) နာရီခန့်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော "တရွန်အိုင်ဗျူဟာ"စခန်းကုန်းကြီးတစ်ခုလုံးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်၊ နေ့လယ် (၁) နာရီ (၀၄) မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။

 

ထိုးစစ်ရက်ပေါင်း (၂၁) ရက်ခန့်ကြာမြင့်ခဲ့ပြီး မိမိတို့အနေဖြင့် ထိုက်သင့်သော ပေးဆပ်မှုများဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုးစစ်ကာလအတွင်း ရန်သူ၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများဖြင့် နေ့၊ ည ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ရက္ခိုင့်တပ်တော်အနေဖြင့် နောက်ထပ်ကျန်ရှိနေသော "နှုံးဘူးဗျူဟာကုန်း" ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ပေါက်တောမြို့အတွင်း တိုက်ပွဲမှာ ဆက်လက်ရှိနေပြီး လက်ကျန်ရန်သူတို့အား မိမိတို့မှ ဆက်လက် ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

 

ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော "တရွန်အိုင်ဗျူဟာ" ကုန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာပေးဆပ်ခဲ့ရသော အာရက္ခစစ်သည်တော်များ၊ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင် စစ်သည်တော်များအားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

 

ရက္ခိုင့်တပ်တော်မှ သိမ်းထားသော ရန်သူ့စခန်းကုန်းများ၊ ရန်သူစွန့်လွှတ်ထားခဲ့သော နယ်စပ်စခန်းများအပြင် ဆက်လက်သိမ်းယူရန် လျာတားထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက် ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အာရက္ခတိုင်းပြည်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် " Defenders of Our Fatherland” အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက်ရှိနေပါသည်။ ထိုကြောင့် အမျိုးသားရေးအသိတရား၊ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ်အပြည့်အဝရှိကြသော လူငယ်များအား တိုင်းပြည်တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်လိုက်သည်။

 

သတင်းနှင့် ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .