၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၃) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်း

blog

Date : 14-Oct-2020

Nyo Twan Awng

(နည်းဗျူဟာလိုအပ်ချက်အရ မိမိတို့၏စခန်းငယ်တစ်ခုအား နေရာရွှေ့ပြောင်းလုပ်ဆောင်ခဲ့)

မြန်မာ့တပ်မတော်(ခေါ်) လူမျိုးရေးအစွန်းရောက် နယ်ချဲ့ဖက်ဆစ်ကျူးကျော်တပ်ဖွဲ့ သည် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာပတ်ဝန်းကျင်များ၌ ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေးတစ်ရပ်အား ကမ္ဘာ့ကပ်ရောဂါကာလအတွင်း၌ မရပ်မတန့်ဘဲ အရှိန်အဟုန်မြှင့် ဆက်တိုက်ပြုလုပ်နေခဲ့သည်မှာ လေးလကျော်ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် အောင်သာစည်၊ ထီးစွဲ ရွာအနီးပတ်ဝန်းကျင်ရှိ မိမိတို့အား ကြီးမားပြင်းထန်သော လချီကြာမြင့်သော ထိုးစစ်များကို ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့၌လည်း ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာ၏ အနောက်တောင်ဖက် မီတာ (၇၀၀) ခန့် (သို့မဟုတ်)ထီးစွဲကျေးရွာ၏ အရှေ့တောင်ဖက် မီတာ (၁၁၀၀) ကျော် အကွာအဝေး၌ရှိသော မိမိတို့၏ စခန်းငယ်တစ်ခုအား ဖက်ဆစ်နယ်ချဲ့ မြန်မာ့တပ်မတော်သည် နံနက် (၆) နာရီခန့်မှ စတင်ပြီး လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်းပစ်ကူများအပြင် စစ်သုံး (တိုက်ခိုက်ရေး) ဒရုန်းပေါ်မှပါ ဗုံးကြဲချလျက် အဆိုပါနေရာအား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသောနေရာမှာ အောက်တိုဘာလ (၃) ရက်နေ့တွင် မိမိတို့ခေတ္တနေရာရွှေ့ခဲ့ရပြီး အောက်တိုဘာလ (၄) ရက်နေ့တွင် ရန်သူ့ထံမှ ပြန်လည်သိမ်းပိုက် ရယူထားသောစခန်းငယ်ဖြစ်သည်။

ရန်သူသည် အဆိုပါစခန်းအား အောက်တိုဘာ (၅) ရက်နေ့ကတည်းကပင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့တိုင်းပစ်ခတ်တိုက်ခိုက်နေပြီး အောက်တိုဘာလ (၁၃) ရက်နေ့၌မှ ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းဖြင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဤထိုးစစ်အတွင်း ရန်သူသည် မြေပြင်မှအင်အား (၇၀၀) ကျော်အထိ အသုံးပြုခဲ့သည်။

ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် နံနက် (၉) နာရီ (၃၀) မိနစ်မှ ညနေ (၆) နာရီအတွင်း (၁၅) မိနစ်စီ လေးကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရေတပ်စစ်သင်္ဘောများ၊ ဘူးသီးတောင်ဗျူဟာမှ (MLRS) အတွဲလိုက်ဒုံးများ၊ ရစိုးချောင်းဗျူဟာမှ လက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့် နံနက် (၆) နာရီမှစတင်ပြီး တစ်နေ့လုံး မရပ်မနား တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မြန်မာ့တပ်မတော်မှ ဤကဲ့သို့ မရပ်မနားပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အောင်သာစည်၊ ထီးစွဲ၊ ကျောက်တန်းရွာ မှ လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ရသည်။ ဤသည်ကို ဒေသခံပြည်သူလူထုများအသိပင်ဖြစ်သည်။

ဤကဲ့သို့ အင်အားအလုံးအရင်း၊ လက်နက်ကြီးပစ်ကူစုပြုံပစ်ခတ် တိုက်ခိုက်နေသော အဆိုပါနေရာအား မိမိတို့မှ အထိအခိုက်အနည်းဆုံးဖြင့် နေရာရွှေ့ပြောင်းခဲ့သည်။

အောက်တိုဘာ (၁၃) ရက်၊ ရန်သူ့ထိုးစစ်အတွင်း အာရက္ခစစ်သည်တော် (၂) ဦး ကျဆုံးခဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့ရုံမှလွဲ၍ မိမိတို့အဖို့ ကြီးမားသောထိခိုက်ဆုံးရှုံးမှုမျိုး မရှိခဲ့ချေ။ ဖက်ဆစ်နယ်ချဲ့ မြန်မာ့တပ်မတော်သည် ၎င်းတို့၏ ထိုးစစ်အတွင်း အရာရှိစစ်သည်များအပါအဝင် (၄၀) ကျော်ထပ်မံသေဆုံးခဲ့သည်။ ရန်သူ၏စစ်သုံး (တိုက်ခိုက်ရေး) ဒရုန်း တစ်စင်းအား ရက္ခိုင့်တပ်တော်မှ ပစ်ချနိုင်ခဲ့သည်။

မိမိတို့၏ အဆိုပါလှုပ်ရှားစစ်ကြောင်းသည် နည်းဗျူဟာလိုအပ်ချက်အရ နေရာရွှေ့ပြောင်းပြီး နောက်ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည်။

ထို့အတူ အခြားတစ်နေရာဖြစ်သော ဘူးသီးတောင်မြို့နယ်၊ မြောက်ချောင်း ကျေးရွာ၏ အနောက်မြောက်ဖက် (၆၀၀) အကွာအဝေး၌လည်း မြန်မာ့တပ်မတော် (ခေါ်) ဖက်ဆစ်နယ်ချဲ့အကြမ်းဖက်တပ်သည် မိမိတို့တပ်ဖွဲ့ဝင်များရှိရာ နေရာသို့ ကျူးကျော်ဝင်ရောက်လာခဲ့သောကြောင့် အောက်တိုဘာလ (၁၃) ရက်၊ ညနေ (၅) နာရီ (၄၄) မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိနစ် (၃၀) ခန့်တိုက်ပွဲအတွင်း ရန်သူ (၃) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .