၂၀၂၀ ပြည့်နှစ်၊မေလ(၁) ရက်နေ့ရခိုင်ပြည်တိုက်ပွဲသတင်း

blog

Date : 02-May-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ မေလ(၁)၊ ကမ္ဘာ့အလုပ်သမားများနေ့တွင်လည်း စစ်ရာဇဝတ်နယ်ခဲျ့အစွန်းရောက် တပ်ဖွဲ့ဖြစ်သော မြန်မာ့တပ်မတော်၏ ထိုးစစ်များမှာ မရပ်တန့်ဘဲ ရှိနေသောကြောင့် တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ ရက္ခိုင့်တပ်တော်အနေဖြင့် Covid-19 ကာလအတွင်းတိုက်ပွဲများမဖြစ်ပွားလိုသော်လည်း မြန်မာ့တပ်မတော်၏ ထိုးစစ်အရှိန်မှာလျော့ကျသွားခြင်းမရှိသေးဘဲ ဆက်လက်မြှင့်တင်လျက်ရှိသောကြောင့်တိုက်ပွဲများဆက်လက်ရှိနေရခြင်းသာဖြစ်သည်။


၂၀၂၀ ပြည့်နှစ်၊ မေလ(၁) ရက်နေ့တွင် ၊ ပလက်ဝမြို့၊ ရုပ်ဝရွာအနောက်မြောက်ဖက်တောင်တန်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား မြန်မာ့တပ်မတော်သည် လက်နက်ကြီးများဖြင့် နံနက်(၈) နာရီကျော်မှ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက်နေ့လယ်(၂) နာရီ(၃၀) မိနစ်မှ စ၍ လက်နက်ကြီးပစ်ကူများနှင့်အတူ မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ သို့သော်လည်း ရန်သူသည် နာရီဝက်ခန့်သာထိုးစစ်ပြုလုပ်ခဲ့ပြီး နောက်ဆုတ်သွား၍ တိုက်ပွဲထပ်မံမဖြစ်ပွားတော့ဘဲ အဝေးမှ လက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။


ပလက်ဝမြို့၊ ပလုတ်တောင်ရပ်ကွက်အတွင်းသို့ မြန်မာ့တပ်မတော်သည် လူမျိုးရေးအမုန်းတရားများဖြင့် တမင်တကာချိန်ရွယ်ပြီး နံနက်(၁၁) နာရီခန့်တွင်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပလုတ်တောင်ရပ်ကွက်သည် ပလက်ဝမြို့၌ ရခိုင်လူမျိုးအများစုနေထိုင်ကြပြီး အဆိုပါနေရာ၌မည်သည့်တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ တိုက်ပွဲဖြစ်သည့်နေရာနှင့်လည်းမသက်ဆိုင်သည့် နေရာဖြစ်သည်။မြန်မာ့တပ်မတော်၏ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ပျက်စီးခဲ့သည်။ စစ်ရာဇဝတ်မှုကျုးလွန်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုအန္တရာယ်ပေးနေသော ရန်သူ့တပ်ရင်းများကို လက်စားချေတုံ့ပြန်တိုက်ခိုက်သွားမည်။



မြေပုံမြို့နယ် စညှင်းရွာမြောက်ဘက်တောင်ကြောသို့ဂျက်တိုက်လေယာဉ်တစ်စီးစီဖြင့် မေလ(၁) ရက်၊ နေ့လယ်(၃) နာရီ(၀၃) မိနစ်မှစတင်၍ မိနစ်(၂၀) ခန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အတူ နေ့လယ်(၃) နာရီ(၂၃) မိနစ်မှ စတင်ပြီး ရဟတ်ယာဉ်(၁) စီးဖြင့် (၁၅) မိနစ်ခန့် တစ်စီးပြီးတစ်စီး မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


အခြားနေရာများ၌တိုက်ပွဲများရှိပါက ဆက်လက်တင်ပေးသွားပါမည်။ 


မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏ စစ်ရေးလှုပ်ရှားမှု၊ ပြင်ဆင်မှု၊ ရွေ့လျားမှုများကိုကြည့်၍ လိုအပ်လျှင်လိုအပ်သလို ခုခံကာကွယ်သွားမည်။


သတင်း နှင့် ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .