၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၈/၉) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 12-Apr-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ဧပြီလ(၈/၉) ရက်များတွင် ပုဏ္ဏားကျွန်း၊ မြေပုံ၊ ကျောက်တော်မြို့နယ်များ၌ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယဉ်များကို အများအပြားသုံးပြီး မြန်မာ့တပ်မတော်သည် ထိုးစစ်အားအရှိန်အဟုန်မြှင့်၍ပြုလုပ်လာသောကြောင့် မိမိတို့အနေဖြင့် ခုခံကာကွယ်သောအားဖြင့် ပြန်လည်တိုက်ခိုက်ရသောကြောင့်တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။

ဧပြီလ(၈) ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျရွာအနောက်မြောက်ဖက်(၁.၈) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။

ဤနေရာအား ဧပြီလ(၆) ရက်နေ့ကတည်းကပင် စစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော်သည် အင်အားအလုံးအရင်းဖြင့်လာရောက်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့်ဧပြီလ(၈) ရက်နေ့ဆိုလျှင်ရက်ဆက်ထိုးစစ်တတိယနေ့သို့ပင်ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ ဧပြီလ(၈) ရက်၊ နံနက်(၉) နာရီ(၀၉) မိနစ်မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက်(၁၁) နာရီကျော်အထိ ကြိုကြားကြိုကြားတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ အနည်းဆုံး(၃) ဦးအထက်သေဆုံးခဲ့သည်။

စစ်ရာဇဝတ်နယ်ခဲျ့တပ်ဟုခေါ်သော မြန်မာ့တပ်မတော်သည် အမ်းမြို့နယ်၊ဆင်ဦးတိုက်ရွာအတွင်းသို့  ဧပြီလ(၈) ရက်၊ ညနေ(၈) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဆင်ဦးတိုက်ကျေးရွာမှ အရပ်သား(၅) ဦးထိခိုက် ဒဏ်ရာရမှုရှိရှိခဲ့သည်။ ၎င်း(၅) ဦးထဲမှ(၂) ဦးမှာအသက်အန္တရာယ်စိုးရိမ်ရမှုရှိခဲ့သည်။

မြန်မာ့တပ်မတော်သည် မတ်လ/ဧပြီလများအတွင်း ကျေးရွာများကိုမီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကိုလေကြောင်းမှ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အရပ်သားများကိုဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို COVID-19 ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်ပွားနေသည့်အချိန်၌ပင်လူမဆန်စွာဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ကျောက်တော်မြို့နယ်၊ ပီချောင်းအနောက်ဘက်ကမ်း၊ ပန်းတက်မော်ရွာအနောက်ဘက် တောင်ကြောကိုလည်းဂျက်တိုက်လေယာဉ်(၃) စီးဖြင့်(၉) ကြိမ်တိုင်တိုင်( မရပ်မနား)လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဧပြီလ(၉) ရက်၊ နံနက်(၈) နာရီခန့် နှင့် (၁၀) နာရီ(၃၀) မိနစ်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ နီပုဆိုးရွာအနီး၌တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် နေရာ(၂) ခု၌ ရှေ့ဆင့်နောက်ဆင့်ဖြစ်ပွားခဲ့သည်။ ရန်သူသည်မိမိတို့အား လေကြောင်းမှ ရဟတ်ယာဉ်(၂) စီးပစ်ကူနှင့်အတူ မိမိတို့အားလာရောက်တိုက်ခိုက်ခဲ့သော်လည်းရက္ခိုင့်တပ်တော်စစ်သည်များမှ အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ထို့ကြောင့်ရန်သူသည် အထိအခိုက်အကျအဆုံးအချို့ဖြင့်တပ်လန်သွားခဲ့သည်။ ရန်သူ့ဖက်မှမျက်မြင်(၄) ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူထပ်မံရှိခဲ့သည်။

ဧပြီ(၉) ၊ နေ့လယ်(၁) နာရီ(၂၉) မိနစ်မှ စတင်၍ ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့နာရီဝက်ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ ပုဏ္ဏားကျွန်း၊ ခမရ(၅၅၀) နှင့် စစ်တွေရှိအမြောက်တပ်စခန်းများမှနေ၍လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


မြေပုံမြို့နယ် စညှင်းရွာမြောက်ဘက်တောင်ကြောသို့ ဂျက်လေယာဉ်တစ်စီးစီဖြင့် ဧပြီလ(၉) ရက်နေ့၊ နေ့လယ်(၁၂) နာရီခန့်မှစတင်၍မရပ်မနား တစ်စီးပြီးတစ်စီးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လေကြောင်းမှ တစ်နာရီခွဲကျော်ကြာလာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများထိမှန်ခြင်း၊ လူနေအိမ်များပျက်စီးခြင်း၊ နွားအချို့သေဆုံးခြင်းများရှိခဲ့သည်။ ရန်သူ့ဂျက်တိုက်လေယာဉ်များမှာ မကွေးတိုင်း မှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဧပြီလ(၈/၉) ရက်များ၌ဖြစ်ပွားခဲ့သောခုခံကာကွယ်တိုက်ပွဲများအတွင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသောအာရက္ခစစ်သည်တော်အချို့ရှိခဲ့ပြီး အလတ်စားဒဏ်ရာရသူ(၅) ဦးအထိရှိခဲ့သည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော စစ်သည်တော်များအားလေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .