၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁)ရက်၊တနင်္ဂနွေနေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 01-Mar-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁) ရက်နေ့တွင် မိမိတို့အဖို့ ရင်ဆိုင်တိုက်ပွဲ၊ ထိုးစစ်တိုက်ပွဲများ၊ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ကြီးကြီးမားမားမရှိခဲ့သော်လည်း စစ်ရာဇဝတ်နယ်ခဲျ့တပ် မြန်မာ့တပ်မတော်သည် ရဟတ်ယာဉ်၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းရွာ၊ အောင်သာစည်ရွာများအနီး၌တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်နေခြင်းများကိုပြုလုပ်နေခဲ့သည်။

မြန်မာ့တပ်မတော်သည်စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းခြင်းများကိုလည်း ရခိုင်ဒေသရှိနေရာအနှံ့သို့အရှိန်အဟုန်မြှင့်စွာပြုလုပ်လျက်ရှိသည်။

ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေခဲ့သောပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း)  ပတ်ဝန်းကျင် နှင့် ကျောက်တော်မြို့နယ်၊ ( ဝက်မကျရွာနှင့် တင်းမရွာအကြား) တင်းမရွာသစ်ပတ်ဝန်းကျင်၌လည်း နှစ်ဖက်စောင့်ကြည့်အနေအထား နှင့်အတူ မိနစ်အနည်းငယ်သာ ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သည်။

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာ ပတ်ဝန်းကျင်အနှံ့အပြားသို့နေ့လည်(၁၂) နာရီခန့်မှစတင်ပြီး မြန်မာ့တပ်မတော်၏ ရေစိုးချောင်ဗျူဟာ၊ ရသေ့တောင်အခြေစိုက်ခမရ(၅၃၇) တပ်ရင်းများမှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုများအပြင် ညနေ(၄) နာရီကို နံနက်(၁၀) နာရီ(၅၀) မိနစ်ခန့်မှစတင်၍ ရဟတ်ယာဉ်(၁) စီးဖြင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောင်သာစည်ရွာ နှင့် ကျောက်တန်းရွာ ပတ်ဝန်းကျင်များသို့ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

ထို့ကြောင့် စစ်ဘေးရှောင်နေကြ၍ရွာသူရွာသားများမရှိသော ကျောက်တန်းရွာအတွင်း လက်နက်ကြီးကျည်(သို့မဟုတ်) ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။ 

မြန်မာ့တပ်မတော်သည် အင်တာနက်လိုင်းများကိုဖြတ်တောက်ပြီးနောက် စစ်ရာဇဝတ်ကျူးလွန်မှုများကို အတင့်ရဲစွာဖြင့် ဗြောင်ကျကျကျူးလွန်နေဆဲပင်ဖြစ်သည်။ မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏ ယခုကဲ့သို့စစ်ရာဇဝတ်ကျူးလွန်မှုအသစ်များကို ပြုစု၍နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်။ 

ကျူးလွန်ခံရသောမိဘပြည်သူများအနေဖြင့်လည်း သက်သေအထောက်အထားများ၊ မှတ်တမ်းများကို မိမိတို့၏ နီးစပ်ရာတပ်ဖွဲ့ဝင်များမှ တစ်ဆင့်ပေးပို့ကြရန်ကိုလည်း တိုက်တွန်းအပ်ပါသည်။


သတင်းနှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this