
ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးထားသော တပ်မ(၇၇) လက်အောက်ခံ၊ ခမရ(၇) မှသုံ့ပန်းများမှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၄) ရက်နေ့၌(၃၈) ဦးအထိရှိခဲ့ပြီးဖြစ်သည်။ ၎င်းသုံ့ပန်း(၃၈) ဦးထဲမှ (၂) ဦးမှာ စစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော်၏လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့်မရှုမလှသေဆုံးခဲ့ရပြီး တိုက်ပွဲအတွင်းဒဏ်ရာရရှိသူ၊ မြန်မာ့တပ်မတော်၏ လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရရှိသူ(၁၅) ဦးအထိရှိလာခဲ့သည်။
ကနဦး၌ ဒဏ်ရာအပြင်းအထန်ရရှိထားသူသုံ့ပန်း(၂) ဦးသာရှိခဲ့သော်လည်း ယခုအချိန်၌ အသက်အန္တရာယ်စိုးရိမ်ရသော သုံ့ပန်းများမှာ နောက်ထပ်(၂) ဦးအထိထပ်မံရှိလာခဲ့ပြီဖြစ်သည်။ မိမိတို့ ရက္ခိုင့်တပ်တော်အနေဖြင့်ယခင်ဒဏ်ရာရရှိသူ(၂) ဦးနှင့် နောက်တိုး ပြင်းထန်ဒဏ်ရာရရှိထားသူ(၂) ဦးအပါအဝင် စုစုပေါင်း(၄) ဦးစလုံးအား ယခင်နေ့ရက်၌ ထုတ်ပြန်ထားသည့်နည်းတူ လူသားချင်းစာနာထောက်ထားသောအားဖြင့်အမြန်ဆုံးချက်ချင်း ပြန်လည်လွှတ်ပေးသွားရန်အသင့်ရှိပါသည်။
ထို့ကြောင့် ဒဏ်ရာပြင်းထန်စွာရရှိနေပြီး မိမိတို့အနေဖြင့် လူသားချင်းစာနာထောက်ထားသောအားဖြင့်အမြန်ဆုံးချက်ချင်းလွှတ်ပေးလိုသော်လည်း၎င်းသုံ့ပန်းများ၏ ကံကြမ္မာနှင့် အသက်ဆက်လက်ရှင်သန်ရေးမှာ မိခင်အဖွဲ့အစည်းဖြစ်သော မြန်မာ့တပ်မတော်၏လက်အောက်ငယ်သားများအပေါ်တွင်ထားရှိသော ရဲဘော်ရဲဖက်စိတ်ဓာတ်၊ သစ္စာ၊ မေတ္တာတရားတို့အပေါ်တွင်သာမူတည်ပေလိမ့်မည်။