၂၀၂၀ မေလ(၅/၆/၇)ရက်ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 08-May-2020

Nyo Twan Awng

မေလ(၅/၆/၇) ရက်များတွင်လည်း မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်အား ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိခဲ့သည်။ မေလ(၇) ရက်နေ့၌ မြန်မာ့တပ်မတော်၏ မြေပြင်၊ဝေဟင်ထိုးစစ်ဆင်တိုက်ခိုက်မှု တို့သည် မင်းပြားမြို့နယ်၊ နှင့် ပလက်ဝမြို့နယ်အတွင်း ပိုမိုပြင်းထန်ခဲ့သည်။ မြန်မာ့တပ်မတော်သည် ရခိုင်ဒေသအတွင်း၌စစ်အင်အားများကိုလည်းထပ်မံဖြည့်တင်းလျက်ရှိသည့်အပြင် ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများအတွက် ပြင်ဆင်နေသည်ကိုတွေ့ရှိရသည်။


မိမိတို့ညီနောင်(၃) ဖွဲ့၏တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းခြင်းအပေါ်အခွင့်ကောင်းယူ၍ မြန်မာ့တပ်မတော်မှစစ်ရေးလှုပ်ရှားမှုများကြောင့် ကိုးကန့်၊ တအာင်းဒေသအတွင်း၌လည်းယခုရက်များအတွင်းတိုက်ပွဲများဖြစ်ပွားခဲ့သည်။ နောက်ထပ်လည်း တိုက်ပွဲများထပ်မံဖြစ်ပွားလာနိုင်သော မြန်မာ့တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကိုတွေ့မြင်နေရပါသည်။


မြန်မာ့တပ်မတော်သည် တိုက်ပွဲဖြစ်ပွားနေသောနေရာများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုပါ လက်နက်ကြီးများဖြင့် နေ့တိုင်းပစ်ခတ်တိုက်ခိုက်မှုများရှိနေခဲ့သည်။ အထူးသဖြင့် အမ်း၊ မြေပုံ၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ပလက်ဝ ဒေသအတွင်း၌နေ့၊ညအချိန်မရွေးအကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။


၂၀၂၀ ပြည့်နှစ်၊ မေလ(၅) ရက်နေ့၊ နံနက်(၁၁) နာရီ(၄၀) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ နှမ်းချောင်းရွာ အရှေ့မြောက်ဖက်၊ မီတာ (၈၀၀) အကွာအဝေးတောင်တန်းရှိရက္ခိုင့်တပ်တော်အား အင်အား(၁၅၀) ခန့် ရှိသော မြန်မာ့တပ်မတော်သည် သုံးဖက်သုံးတန် မှ ဝိုင်းပတ်ပိတ်ဆို့ပြီးလာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ 


ရက္ခိုင့်တပ်တော်သည် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း တိုက်ပွဲများမဖြစ်ပွားရအောင် အတတ်နိုင်ဆုံးထိန်းသိမ်းနေသော်လည်းမြန်မာ့တပ်မတော်၏ ကြည်း၊ရေ၊လေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။ 


မေလ(၆) ရက်နေ့၊ ညနေ(၇) နာရီအချိန်တွင် ပလက်ဝမြို့နယ်၊ ရွှေချောင်းဝရွာအနောက်မြောက်ဖက်(၁.၄) ကီလိုမီတာအကွာအဝေး၌လည်း ရန်သူသည်မိမိတို့ရှိရာနေရာသို့တိုက်ခိုက်လာသောကြောင့်နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ 


မေလ(၆) ရက်၊ ည(၈) နာရီ(၂၃) မိနစ်တွင်လည်း မင်းပြားမြို့နယ်၊ ရာမောင်တောင်တန်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ဝင်ရောက်တိုက်ခိုက်လာသောကြောင့် တစ်နာရီနီးပါး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။ ထို့ကြောင့်အထိအခိုက်အကျအဆုံးရှိသောမြန်မာ့တပ်မတော်သည် မေလ(၇) ရက်နေ့၌ နေ့လည်(၁၂) နာရီနောက်ပိုင်းမှစတင်၍လေကြောင်းမှ ပြင်းထန်စွာလာရောက်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။


မေလ(၇)နေ့၊ နေ့လယ်(၁) နာရီ(၄၀) မိနစ်တွင် ပလက်ဝမြို့နယ်၊ လောင်းကဒူးရွာ အနောက်ဖက်၊ ပွိုင့်- ၆၀၂( Point-602) တောင်ကုန်းတွင်လည်းကောင်း၊ နေ့လယ်(၂) နာရီ(၄၀) မိနစ်အချိန်တွင်ပလက်ဝမြို့နယ်၊ ရုပ်ဝရွာအနီးပတ်ဝန်းကျင်ရှိတောင်တန်းတွင်လည်းကောင်း မြန်မာ့တပ်မတော်မှ ကျူးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။ ရန်သူသည် Point-602 ကုန်းအား ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် နံနက်(၁၁) နာရီ (၅၀) မိနစ်မှ နေ့လယ်(၂) နာရီ(၃၀) မိနစ်အတွင်း လှည့်ပတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


ထို့အတူ ရဟတ်ယာဉ်(၂) စီးဖြင့်လည်း နေ့လယ်(၁) နာရီ(၁၅) မိနစ်မှ (၂) နာရီနီးပါးအထိ ရော့ကတ်များ၊ စက်သေနတ်များဖြင့် မရပ်မနားပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မေလအတွင်း လေကြောင်းတိုက်ခိုက်မှု မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်မှု အပြင်းထန်ဆုံးနေ့ဖြစ်သည်။ 


မြန်မာ့တပ်မတော်၏ မေလ(၅/၆/၇) ရက်ထိုးစစ်များအတွင်း မိမိတို့ဖက်မှ ထိခိုက်ဒဏ်ရာရသူ၊အသက်ပေးဆပ်စွန့်လွှတ်ရသူ အချို့ရှိခဲ့သည်။ ထိုးစစ်များအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များ၊တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသောအာရက္ခစစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


တပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည် အကြောင်းအမျိုးမျိုးပြကာ အရပ်သားပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကိုပြုလုပ်နေရုံသာမက နိုင်ငံ့ဝန်ထမ်းများ၊ NLD အဖွဲ့ဝင်များ နှင့် ကြံ့ခိုင်ရေးပါတီဝင်(ဟောင်း) များကိုဖမ်းဆီးခြင်းတို့ကိုဆက်တိုက်လုပ်ဆောင်လာသည်။ ဤကဲ့သို့သောကောက်ကျစ်ယုတ်မာသောလုပ်ရပ်များကို မြန်မာ့တပ်မတော်မှ ရည်ရွယ်ချက်ရှိရှိဖြင့်လုပ်ဆောင်နေပြီး မိမိတို့အဖွဲ့အ စည်းမှပြုလုပ်သည်ဟုစွပ်စွဲပြောဆိုလျက်ရှိသည်။၎င်းတို့၏တစ်ဖက်သတ်စွပ်စွဲပြောဆိုချက်များ၎င်းတို့၏ ကျောထောက်နောက်ခံမီဒီယာများ၊ အစိုးရပိုင်မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ပြသကာမိမိတို့အဖွဲ့အစည်းအား အထင်အမြင်လွဲအောင်လုပ်ဆောင်နေကြသည်။


မြန်မာ့တပ်မတော်သည်သတင်းမီဒီယာသမားများကိုခြိမ်းခြောက်ထားသည့်အပြင်သတင်းလွတ်လပ်ခွင့်ကိုဖိနှိပ်ထားပြီး ရက္ခိုင့်တပ်တော်အား ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်ခြင်း၊ တစ်ဖက်သတ်စွပ်စွဲပြောဆိုခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။


ထို့အပြင်လူမိုျးရေးပဋိပက္ခများဖြစ်ပေါ်လာစေရန် လုပ်ဆောင်နေသော လုပ်ရပ်များ၊ ပြောဆိုရေးသားမှုများကိုလည်းခပ်စိပ်စိပ်တွေ့မြင်နေရသည်။ 


မြန်မာ့တပ်မတော်၏ထိုးစစ်များကို မရပ်တန့်ပါက မိမိတို့အနေဖြင့် ထုတ်ပြန်ထားသည့်အတိုင်း လိုအပ်လျှင်လိုအပ်သလို တုံ့ပြန်သွားမည်။ မိမိတို့ပြည်သူလူထု၏ အသက်အိုးအိမ်၊စည်းစိမ်တို့ကိုခြိမ်းခြောက်နေသော မြန်မာ့တပ်မတော်၏တပ်မ၊တပ်ရင်းများကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .