၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ

blog

Date : 14-Nov-2023





၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရက္ခိုင်ဒေသ၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ သည် ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ (၅) ခု တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား ၄င်းနေ့ရက်၌ပင် သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းအား ယနေ့ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၇) နာရီခွဲတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။

 

မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ကြည်း-၄၁၅၉၇ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး) ၊ ကြည်း-၅၀၇၃၂ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် (တပ်စုမှူး) တိုအပါအဝင် စုစုပေါင်း (၁၀) ဦးအား စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်။ ၎င်း တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ မျက်မြင် (၁၀) ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ တချို့လည်းရှိခဲ့သည်။

 

ထိုအတူ စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော မောင်တောမြို့မြောက်ပိုင်း၊ သင်္ဘောလှရွာအနီးတိုက်ပွဲတွင်လည်း သုံ့ပန်းတစ်ဦးအပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိပြီး ရန်သူ့ဖက်မှ ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် (၁၄) ဦးခန့် ကျဆုံးခဲ့ကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။

 

ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်များအားလုံးအား မိမိတို့ဖက်မှနိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားလျက်ရှိသည်။

 

ယမန်နေ့တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော် (၆) ဦးမှာ မိမိတို့၏ စစ်ဆင်ရေးရည်မှန်းချက် အကောင်အထည်ဖော်တိုက်ပွဲများအတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

 

ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ကလည်း ကျောက်တော်မြို့နယ်တွင်ရှိသော စစ်ကောင်စီ၏ လက်အောက်ခံ “အပေါက်ဝ ရဲစခန်း” မှ ရဲတပ်ဖွဲ့ဝင်(၂၂) ယောက်စလုံးသည်ရက္ခိုင့်တပ်တော် (AA) ထံသို့ လက်နက်များနှင့်အတူ အသာတကြည် လက်နက်ချအလင်းဝင်လာခဲ့သည်။  ထို့အပြင် အခြားသောနေရာ ၂ ခုမှလည်း နောက်ထပ်ရဲ (၆)ဦးတို့သည်လည်း လက်နက်နှင့်တကွ လက်နက်ချအလင်းဝင်ရောက်ခဲ့သည်။

 

မိမိတို့ထံဆက်သွယ်လာပြီး လက်နက်ချအလင်းဝင်ရောက်ကြမည့်သူများကို ဆက်လက် ကြိုဆိုလက်ခံသွားမည်ဖြစ်ပါသည်။

 

 နိုဝင်ဘာလ (၁၃) ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြားစောင့်တပ်၊ ရဲစခန်းတို့သည် စခန်းပေါင်း (၄၀) နီးပါးကိုစွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီ၏ စစ်စခန်းများတွင် လည်းကောင်း၊ ရဲစခန်း(၃) ခုအား တစ်ခုအဖြစ်စုပေါင်း၍လည်းကောင်း သွားရောက်ပူးပေါင်း သွားကြသည်ကိုတွေ့ရှိရသည်။ မိမိတို့အနေဖြင့် လက်နက်ချအညံ့မခံသော သူများကို ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်သည်။

 

စစ်ကောင်စီသည် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်များတွင် ULA/AA နှင့် ဆက်စပ်ပတ်သက်သည်ဟူသော သံသယ၊ စွပ်စွဲချက်များဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်ထား လိုက်လံရှာဖွေဖမ်းဆီးနေခြင်းများ ဆက်တိုက်ပြုလုပ်လာနေသည်ကို တွေ့ရှိနေရသည်။


Share on social

You may also like this