၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၆/၁၇/၁၈) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 19-Jul-2020

Nyo Twan Awng

 ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၆) ရက်နေ့မှစတင်ပြီး ရသေ့တောင်မြို့နယ်အတွင်းရှိ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များရှိရာနေရာများသို့ မြန်မာ့တပ်မတော်သည်လက်နက်ကြီး၊ လေကြောင်းပစ်ကူ၊ စစ်အင်အားအလုံးအရင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်ပြုလုပ်ခဲ့သည်။ကိုရိုနာကူးစက်ရောဂါ တားဆီးရေး၊ ထိန်းချုပ်ရေး နှင့် တိုက်ဖျက်ရေးကာလ၊ ရက္ခိုင့်တပ်တော်မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့်ကာလများကိုအခွင့်ကောင်းယူပြီး ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများအား မြန်မာ့တပ်မတော်သည် ကျောက်တန်းရွာပတ်ဝန်း၌ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်၊ရသေ့တောင်မြို့နယ်၊ အောင်သာစည်( အောင်သာဇေ) ပတ်ဝန်းကျင်ရှိ မိမိတို့တပ်ဖွဲ့ဝင်များအားထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ ဇူလိုင်လ(၁၈) ရက်နေ့ဆိုလျှင်သုံးရက်မြောက်သို့ရောက်ခဲ့ပြီဖြစ်သည်။ သုံးရက်အတွင်းရန်သူသည် လက်နက်ကြီးများဖြင့်နေ့တိုင်း  မရပ်မနားတောက်လျောက် (တနေ့လုံး)ပစ်ခတ် တိုက်ခိုက်နေခဲ့သည်။

ရသေ့တောင်အခြေစိုက်တပ်ရင်းများ၊ စစ်ဆင်ရေးစစ်ကြောင်းများမှစုပြုံပစ်ခတ်တိုက်ခိုက်ခဲ့သည်။ဇူလိုင်လ(၁၆) ရက်နေ့၌ ရန်သူသည်ရဟတ်ယာဉ်များသုံးစွဲ၍တိုက်ခိုက်ခဲ့သည်။ ရန်သူ့ရဟတ်ယာဉ်အား အလုံးစုံပျက်စီးအောင်မပြုလုပ်နိုင်ခဲ့သော်လည်း ထိမှန်အောင်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်။

ရန်သူသည် လက်နက်ကြီးများအား မရပ်မနားပစ်ခတ်တိုက်ခိုက်ပြီး ထိုးစစ်ပြုလုပ်နေခဲ့သော်လည်း အာရက္ခစစ်သည်တော်များမှ အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ မြန်မာ့တပ်မတော်သည် ၎င်းတို့၏သုံးရက်တာထိုးစစ်အတွင်း (၂၀) ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရရှိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်သည်။

ထို့အတူ ရန်သူသည်စစ်အင်အား၊ လက်နက်အင်အားများကို ထပ်မံဖြည့်တင်းနေသောကြောင့် နောက်နေ့များ၌တိုက်ပွဲများမှာ ယခုထက်ပိုမိုပြင်းထန်လာနိုင်သည့်အပြင် တိုက်ပွဲများပိုမိုများပြားလာနိုင်ဖွယ်ရှိသည်။

မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားရအောင် ထိန်းထိန်းသိမ်းသိမ်းနေသော်လည်း မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ ထိုးစစ်များကိုဆက်လက်ပြုလုပ်နေသောကြောင့် တိုက်ပွဲနောက်ဆက်တွဲ နှင့် ဖြစ်လာမည့် အကျိုးဆက်မှာ မြန်မာ့တက်မတော်၏တာဝန်သာဖြစ်ကြောင်းသိစေအပ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်



Share on social

You may also like this