၂၀၂၀ ပြည့်နှစ်၊ မေလ(၇/၈/၉) ရက်၊ မြန်မာ့တပ်မတော်၏ ရခိုင်ဒေသအတွင်း စစ်ရာဇဝတ်ကျူးလွန်မှုမှတ်တမ်းများ

blog

Date : 09-May-2020

Nyo Twan Awng
Nyo Twan Awng
Nyo Twan Awng
Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊မေလ(၆) ရက်၊နံနက်(၆) နာရီခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်တွင် နေထိုင်သော အသက်(၄၆) နှစ်အရွယ်ရှိ ဒေါ်မသန်းတင် ကို ပုဏ္ဏားကျွန်းအခြေစိုက်၊ခမရ(၅၅၀) မှ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်။

၂၀၂၀ ပြည့်နှစ်၊ မေလ(၇) ရက်နေ့၌လည်း မင်းပြားမြို့နယ်၊ အမ်းသားရွာအတွင်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်၍ အရပ်သားတစ်ဦးဖြစ်သော အသက်(၃၆) နှစ်အရွယ်ရှိ ဒေါ်အေးချမ်းခိုင်အားလက်နက်ကြီးစထိမှန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊မေလ(၈) ရက်နေ့၊ ကျောက်တော်မြို့နယ်၊ တောင်ဘွယ်ရွာ ၊ မူလတန်းပြဆရာတစ်ဦးဖြစ်သော မောင်ဦးစိုးသိန်း၊ အသက်(၂၉) နှစ်၊ နှင့် ကျောင်းသူတစ်ဦးဖြစ်သော မသော်တာဖြိုး၊(၁၁) နှစ်တို့သည်လည်း မြန်မာ့တပ်မတော်၏လက်နက်ကြီးစထိမှန်ခဲ့သည်။ ဆရာဖြစ်သူ မောင်ဦးစိုးသိန်းမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့သည်။ ထို့အပြင် မြန်မာ့တပ်မတော်၏ လက်နက်ကြီးကျည်အချို့မှာ တောင်ဘွယ်ကျေးရွာ၊စာသင်ကျောင်းအတွင်းကျရောက်ထိမှန်ခဲ့၍ ကျောင်းအဆောက်အအုံအချို့ပျက်စီးခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ မေလ(၉) ရက်နေ့တွင် မြန်မာ့တပ်မတော်သည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းရွာဟောင်း ရှိ ရွာသူရွာသားများ၏ နေအိမ်များ၊ ဈေးဆိုင်များအတွင်းမှ ရွာသားများပိုင်ဆိုင်သောပစ္စည်းများကို ဖောက်ထွင်းလုယက်သွားသည့်အပြင် ဒိုးတန်းရွာဟောင်းမှ ရွာသား(၇) ယောက်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့်ဒိုးတန်းရွာဟောင်းမှရွာသားများစာရင်းမှာ

(၁) စိုးသန်း(၄၈)နှစ်

(၂) ခေါင်းယောင်း(၄၉)နှစ်

(၃) လှအောင်(၄၃)နှစ်

(၄)ခင်သိန်းမောင်(၄၄)နှစ်

(၅)လှထွန်းစိန်(၅၃)နှစ်

(၆) စောလှဦး(၆၁)နှစ်

(၇) မောင်လှကြီး(၃၆)နှစ် တို့ဖြစ်ကြသည်။

ထို့အပြင် မြေပုံမြို့နယ်၊ ရေရှင်ရွာကိုလည်း မြန်မာ့တပ်မတော်၏ အင်အား(၁၅၀) ခန့်ပါ ပုသိမ်အခြေစိုက်၊ ခလရ(၃၈) မှ အဆိုပါရွာအား ဝိုင်းရံပိတ်ဆို့ထားပြီး ရွာအတွင်းမှ ရွာသူရွာသားများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ရိုက်နှက် နှိပ်စက်ခြင်း၊ ပေါ်တာအဖြစ်စေခိုင်းခြင်းများကိုပြုလုပ်လျက်ရှိသည်။

ပုသိမ်အခြေစိုက်၊ခလရ(၃၈) နှင့် အခြားပုသိမ်အခြေစိုက်တပ်ရင်းအခိုျ့သည် ယခုရက်သတ္တပတ်အတွင်း ဂွ၊ ကျောက်ဖြူ၊ ရမ်းဗြဲကျွန်းပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်း လှည့်ပတ်သောင်းကျန်းခဲ့သည်။

မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသောကာလ နှင့် Covid-19 ကူးစက်ရောဂါထိန်းချုပ်ရေးကာလများအတွင်း၌ပင် တစ်ရွာဝင်၊တစ်ရွာထွက်ပြီး ဒေသခံပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

မြန်မာ့တပ်မတော်၏ ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်သောလုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်နေသောမှတ်တမ်းများကို ဒေသခံပြည်သူလူထုများအနေဖြင့်မိမိတို့ထံပို့ပေး၍ရနိုင်သကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများထံသို့လည်းအမြန် ဆုံးပေးပို့ကြပါရန်ထပ်မံတိုက်တွန်းအပ်ပါသည်။

မေလ(၈) ရက်နေ့၊နံနက်(၉) နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ မော်ထက်ရွာ နှင့် ကျောက်ရံရွာ ဥက္ကဌတို့(၂) ဦးကိုလည်း မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မြန်မာ့တပ်မတော်သည် တိုက်ပွဲ(သို့မဟုတ်) ထိတွေ့မှုဖြစ်ပွားတိုင်း အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းအပြင် ကျေးရွာ၊ဥက္ကဌ များနှင့် ကျေးရွာအတွင်းတွေ့ရှိသူသက်ကြီး၊ ကျန်းမာရေးမကောင်းသူ၊ စိတ်ကျန်းမာရေးမကောင်းသူမှန်သမျှ တို့အားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများကို Covid-19 ထိန်းချုပ်ရေးကာလများ၌ အခွင့်ကောင်းယူ၍ ခပ်စိပ်စိပ်ပြုလုပ်လာနေခဲ့သည်။

ဖမ်းဆီးထားသော ရွာသူ၊ရွာသားများကိုလည်း အမျိုးမျိုးသောခြိမ်းခြောက်မှုများအပြင် လူသားဒိုင်းကာအဖြစ်အသုံးပြု၍ စစ်ရေးလှုပ်ရှားမှုများ၊ မိုင်းရှင်းလင်းရေးအတွက်အသုံးပြုခြင်းများကိုလည်း မြန်မာ့တပ်မတော်သည် ယုတ်မာရက်စက်စွာဖြင့်လုပ်ဆောင်လျက်ရှိသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ဒေသခံပြည်သူလူထုများကိုနှိပ်စက်ဖမ်းဆီးနေသော တပ်မ၊တပ်ရင်းများကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .