၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၄/၂၅) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 25-Mar-2020

Nyo Twan Awng

မြန်မာနိုင်ငံအတွင်း ကိုရိုနာကူးစက်ရောဂါပိုးရှိသောလူနာ(၃) ဦးအားတွေ့ရှိနေပြီး ကမ္ဘာ့နိုင်ငံအများစု၌ကပ်ရောဂါကိုစုပေါင်းကာရင်ဆိုင်နေရသော်လည်း မြန်မာ့တပ်မတော်၏ရခိုင်ဒေသအတွင်းထိုးစစ်များရပ်တန့်မသွားဘဲ အင်တာနက်လိုင်းများဖြတ်တောက်ပြီးစစ်ဆင်ရေးကိုအရှိန်အဟုန်ပြင်းစွာဆောင်ရွက်လျက်ရှိသည်။


မတ်လ(၂၄/၂၅) ရက်နေ့များတွင် စစ်ရာဇဝတ်တပ်မြန်မာ့တပ်မတော်သည် မီးဝဗျူဟာကုန်း ၊တိုင်းဗဟို(၉) ပတ်ဝန်းကျင်များ နှင့် အခြားနေရာအချို့အားတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲလက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်ခြင်းများကိုဆက်တိုက်ပြုလုပ်နေခဲ့သည်။ 


ဘူးသီးတောင်၊ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲများရှိခဲ့သည်။ ရန်သူသည် စစ်အင်အား၊ လက်နက်ခဲယမ်းများကို ရခိုင်တပြည်လုံးအနှံ့ဖြည့်တင်းနေသောကြောင့်တိုက်ပွဲများမှာဆက်လက်ပြင်းထန်လာဖွယ်ရှိသည်။





(၁) မတ်လ(၂၄)ရက်၊ နံနက်(၇) နာရီ(၂၄) မိနစ်တွင်ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာအရှေ့ ဖက်(၃.၅) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် မိနစ်(၂၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ(၉) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ့သေနတ်(၄) လက်ကို သိမ်းဆည်းရမိခဲ့သည်။



(၂) မတ်လ(၂၄) ရက်၊ နေ့လယ်(၁၂) နာရီ(၃၀) မိနစ် မင်းပြားမြို့နယ်၊ မေလွန်းရွာအရှေ့မြောက်ဘက် (၄) ကီလိုမီတာအကွာအဝေးရှိတောင်ကြော (တိုင်း ဗဟို(၉) အနီး) ၌ နာရီဝက်ခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ဤတိုက်ခိုက်မှုအတွင်း၌လည်း ရန်သူ(၃) ဦးကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။


(၃) မီးဝဗျူဟာကုန်းမှ (၃) ကီလိုမီတာကွာဝေးသောနေရာ၌လည်း ထိတွေ့မှုများဆက်လက်ရှိနေခဲ့သည်။ ရန်သူသည် ရှေ့ဆက်မတိုးလာ၍တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း ဂျက်တိုက်လေယာဉ်(၁) စီးဖြင့် တစ်နာရီကျော်ကြာ တစ်စီးပြီးတစ်စီးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


(၄) ထို့အတူ မင်းပြားမြို့နယ်၊ ကမ်းနီ၌တည်ရှိသော အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးကျောင်း(တန်းမြင့်လေ့ကျင့်ရေးကျောင်း) အနီးပတ်ဝန်းကျင်များသို့လည်း လေကြောင်းမှ တစ်နာရီကျော်ကြာဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 


(၅) မြေပုံမြို့နယ်၊ အမ်းမြို့နယ်ဖက်တွင်လည်း လက်နက်ကြီးများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို မတ်(၂၄/၂၅) ရက်နေ့များ၌တောက်လျှောက်ပြုလုပ်နေခဲ့သည်။


(၆)  မတ်လ(၂၅)၊ နေ့လယ်(၁) နာရီ (၂၂)မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာအရှေ့ ဖက်(၃.၅) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယမန်နေ့ကလည်း ဤနေရာပတ်ဝန်းကျင်၌တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့၌ဒုတိယနေ့ရက်ဆက်တိုက်ပွဲအဖြစ်ထပ်မံဖြစ်ပွားခဲ့ကာ ရန်သူအချို့ ထပ်မံထိခိုက်သေဆုံးမှုများရှိခဲ့သည်။


ရန်သူ့လက်နက်ကြီးကျည်ဆံ နှင့် ရန်သူ၏လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုကြောင်အချို့မှာကျေးရွာများအတွင်းကျရောက်ပေါက်ကွဲ၍ အရပ်သား(၁၆) ဦးထိခိုက်ဒဏ်ရာရရှိပြီးသေဆုံးသူလည်းရှိခဲ့သည်။


မတ်လ(၂၄/၂၅) ရက်တိုက်ပွဲများအတွင်းတိုက်ပွဲများအတွင်းအာရက္ခစစ်သည်တော်အချို့ အသက်၊ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ရသည်။သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များအားလေးလေးနက်နက်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this