ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

blog

Date : 28-Mar-2024





ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

 

၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက် မှ (၂၈) ရက်နေ့အထိ

 

၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့၊ နံနက် (၁၁) နာရီ (၃၆) မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ရွာ၏ တောင်ဘက် (၄) ကီလိုမီတာခန့်အကွာ ဘူးသီးတောင် မောင်တောကျော်လမ်း၌ အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ (၂၃၄) တပ်ရင်းမှ အင်အား (၅၀) ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ မျက်မြင် (၈) ဦး ကျဆုံးခဲ့သည်။

 

၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊  တောင်ဘဇာစခန်းအား သိမ်းပိုက်ရရှိခဲ့သည်။

 

ထို့အတူ ရက္ခိုင်ဒေသအတွင်း၌ လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုအချိန်အထိ လက်နက်ချအညံ့မခံသေးသော ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ ရက္ခိုင်ဒေသဌာနချုပ် (တနည်း)  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယမန်နေ့ (မတ်လ ၂၆ ရက်နေ့) ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆) နှင့် တခြားတပ်များမှ စုပေါင်းထားသောစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၁၈) မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ် (၃၀) ခန့်ကြာမြင့်ခဲ့သည်။

 

ရန်သူသည် ဒရုန်း၊ လေကြောင်းပစ်ကူ နှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သော်လည်း နာရီဝက်ခန့်တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၁၅) ဦးခန့်ကျဆုံးကာ (၁၅) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဘက်မှ တပ်ဖွဲ့ဝင် (၂) ဦး အသေးစားဒဏ်ရာရရှိခဲ့သည်။

 

ထို့အတူ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၈) မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၁၅၀၀) ခန့်အကွာ၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား (၄၀) ခန့်ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခုတိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ မျက်မြင် (၄) ဦး ကျဆုံးခဲ့ပြီး (၈) ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

 

၂၀၂၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊ နံနက် (၈) နာရီ (၅၈) မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက် မီတာ (၇၀၀) ခန့်အကွာတောင်ကြော၌ ရန်သူ အင်အား (၅၀) ဦးခန့်ပါ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ မျက်မြင် (၆) ဦး ကျဆုံးကာ ဒဏ်ရာရရှိသူ (၁၀) ဦးခန့်ရှိခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့လက်နက်နှင့်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

 

၂၀၂၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊ နံနက် (၈) နာရီ (၄၅) မိနစ်အချိန်တွင် မြေပုံမြို့နယ်၊ လီသွန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၄၀၀) ခန့်အကွာ တောင်ကြော၌ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၃) နည်းဗျူဟာစစ်ဆင်ရီးကွပ်ကဲမှုလက်အောက်ခံ၊ ခမရ (၅၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

ရက္ခိုင်ပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင် ရေးအတွက် ထိုးစစ်အရှိန်ကို တစ်ဆင့်ပြီးတစ်ဆင့်မြှင့်ကာ တိုက်ခိုက်လျက်ရှိသည်။ ရန်သူ့ဘက်မှလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူအများအပြားနှင့် မရပ်မနားအသည်းအသန် ခုခံလျက်ရှိသည်။

 

တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက် တင်ပေးသွားပါမည်။

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this