၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၅) ရက်
၂၀၂၀ ပြည့်နှစ်၊ မတ်လ၏နောက်ဆုံးရက်သတ္တပတ်အတွင်း မြန်မာ့တပ်မတော်၏တပ်မ(၇၇) လက်အောက်ခံ-ခမရ(၁၀၁) တပ်ရင်းမှ ဗိုလ်ကြီးမောင်မောင်ဌေး နှင့် စစ်သည်အချို့ ပလက်ဝမြို့နယ်အတွင်းရှိရက္ခိုင့်တပ်တော်၏ စစ်ကြောင်းတစ်ခုထံတွင်လာရောက်ပူးပေါင်းခဲ့ကြသည်။
ဒေသခံပြည်သူလူထုများအား တပ်မ(၇၇) လက်အောက်ခံတပ်ရင်းများမှ လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ ရွာသူရွာသားများအားမတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရပ်ရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပတ်ခတ်တိုက်ခိုက်နေခြင်း၊ မိမိတို့လူမျိုးအချင်းချင်းသတ်ဖြတ်နေသည်ကိုမလိုလားခြင်း၊ မြန်မာ့တပ်မတော်အပေါ် အယုံအကြည်ကင်းမဲ့ခြင်း၊ လူမျိုးရေးအရ နှိပ်ကွပ်ခြင်း၊မြန်မာ့တပ်မတော်အတွင်း တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့ခြင်းစသည့်အကြောင်းရင်းများကြောင့် ရက္ခိုင့်တပ်တော် နှင့်လာရောက်ပူးပေါင်းခြင်းဖြစ်သည်။
ယခုလာရောက်ပူးပေါင်းသူကဲ့သို့ စိတ်ဓာတ်ကောင်းမွန်သောသူများသည်လည်းနောက်ထပ်အများအပြားရှိကြောင်းသိရှိရသည်။ ထို့ကြောင့်အဆိုပါ မြန်မာ့တပ်မတော်အပေါ် အယုံအကြည်မရှိသူများ၊ တာဝန်ထမ်းဆောင်လိုစိတ်မရှိသောသူများအနေဖြင့် မိမိတို့၏နီးစပ်ရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များနှင့်ဆက်သွယ်၍ လာရောက်ပူးပေါင်းရန်ဖိတ်ခေါ်ပါသည်။
အဆိုပါ ထရွန်အိုင်ဗျူဟာမှ မိမိတို့ရက္ခိုင့်တပ်တော်နှင့်လာရောက်ပူးပေါင်းသောဖြစ်စဉ်နှင့်ပတ်သက်၍ ပလက်ဝ၊ ထရွန်အိုင်ရှိ အပြစ်မဲ့အရပ်သားပြည်သူလူထု( အထူးသဖြင့် ရခိုင်လူမျိုး) များကို စွပ်စွဲချက်အမျိုးမျိုးဖြင့် တစ်ဖက်သတ်စွပ်စွဲကာဖမ်းဆီးနေသည်များကိုတွေ့ရှိရသည်။ မြန်မာ့တပ်မတော်မှ ထုတ်ပြန်ချက်တွင်ပါရှိသော စွပ်စွဲခံကာဖမ်းဆီးခံရသူများမှာ မိမိတို့နှင့် ဆက်စပ်နေသူများမဟုတ်ဘဲ ၎င်းဒေသအတွင်းနေထိုင်ကြသူများသာဖြစ်သည်။
တပြိုင်နက်တည်းတွင် အရပ်သားပြည်သူလူထုများအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးနေခြင်းများကို ရှုတ်ချပြီးရပ်တန့်ရန် သတိပေးလိုသည်။ ထိုသို့မဟုတ်ဘဲ မြန်မာ့တပ်မတော်အနေဖြင့် ဆက်လက်ပြုလုပ်နေမည်ဆိုပါက နောက်ဆက်တွဲဆိုးကျိုးများမှာ မြန်မာ့တပ်မတော်၏ တာဝန်သာဖြစ်ကြောင်းသိစေအပ်သည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်