၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၄) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 14-Feb-2020

Nyo Twan Awng

ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင်လည်း မင်းပြား၊ ကျောက်တော်၊ပလက်ဝ မြို့နယ်များ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ ပလက်ဝ နှင့် ကျောက်တော်မြို့နယ်အတွင်းဖြစ်ပွားနေသော ရက်ဆက်တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး (၉) ရက်မြောက်နေ့သို့ရောက်ရှိလာကာအပြန်အလှန်ထိုးစစ်များဖြင့် တိုက်ပွဲအရှိန်မြင့်တက်နေဆဲပင်ဖြစ်သည်။ ဖေဖော်ဝါရီ(၁၄) ရက်နေ့၌- (၁) တပ်မ(၅၅) လက်အောက်ခံ၊ ဗထူးအခြေစိုက်ခမရ(၅၀၈) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ သည် ၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီ(၁၄) ရက်၊နံနက်(၉) နာရီ(၂၀) မိနစ်အချိန်မှစတင်၍ မင်းပြားမြို့နယ်၊ဖားပြိုရွာအနီးတွင်နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ညနေ(၆) နာရီနီးပါးအထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူဤတိုက်ပွဲသည်လည်းပြင်းထန်ခဲ့သည်။ တပ်မ(၅၅) လက်အောက်ခံ၊ခမရ(၅၀၈) သည် အထိနာပြီးတိုက်ပွဲဖြစ်ပွားရာပတ်ဝန်းကျင်ရှိ ရွာသူရွာသား(၃၀) ဦးခန့်အားလူသားဒိုင်းကာအဖြစ်ခေါ်ဆောင်ပြီး ဖားပြိုကျေးရွာအတွင်းတပ်ဆုတ်သွားခြင်း၊ရန်သူ၏သေဆုံးနေသော အလောင်း(၁၀) လောင်းကိုလည်း ရွာသားများဖြင့်ပြုလုပ်ထားသောလူသားဒိုင်းကာဖြင့်အကာအကွယ်ပြု၍ကောက်ယူသွားခဲ့သည်။ ယနေ့တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ(၁၅)ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရသူများလည်းထပ်မံရှိနိုင်သည်။ ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊စာရွက်စာတမ်းများပါသော ခြင်းတောင်း(၃၆) တောင်းအားသိမ်းဆည်းရမိထားသည်။ ရန်သူ့အလောင်း(၃) လောင်းအပါအဝင် ပြင်းထန်ဒဏ်ရာနှင့် ရန်သူ(၁) ဦးကိုလည်းသုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားသည်။ မိမိတို့ဖက်မှလည်းအာရက္ခစစ်သည်တော်(၂) ဦးတိုင်းပြည်နှင့်လူမျိုအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရပြီး အလတ်စားဒဏ်ရာ(၄) ဦးအထိရရှိခဲ့သည်။ ဗထူးအခြေစိုက်၊ခမရ(၅၀၈) တပ်ရင်းသည် ဖားပြိုရွာအတွင်းရှိ လူရှိလူနေအိမ်များ၊စာသင်ကျောင်းများ၌စခန်းချနေခဲ့သည်မှာကာလအတန်ကြာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းရွာသားများမှာခမရ(၅၀၈) ၏ အနှောင့်အယှက်ပေးမှု၊ စိတ်ပိုင်းဆိုင်ရာဒုက္ခပေးမှုများကိုခံစားနေကြရသောကြောင့်ရွာသူ/ရွာသားတစ်ဝက်ခန့်မှာ ခမရ(၅၀၈) ကိုကြောက်ရွံ့သောကြောင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲထွက်ပြေးတိမ်းရှောင်ခဲ့ပြီးဖြစ်သည်။ ယခုလည်း ကျန်ရှိနေသေးသော ရွာသူ/ရွာသားများကို ပြန်ပေးဆွဲထားသည့်သဖွယ် ပြုလုပ်ထားပြီးဖားပြိုရွာအတွင်းမှ အကာအကွယ်ယူ၍ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။


(၂) ညနေ(၅) နာရီ(၁၅) မိနစ်တွင်လည်း ကျောက်တော်မြို့နယ်၊ ကန်ဇောက်ရွာအရှေ့မြောက်ဘက် မီတာ (၆၀၀)အကွာအဝေးရှိကျီးကန်းတောင်အနီးတွင် မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူ(၅) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ (၃) ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း) ပတ်ဝန်းကျင်၌ နှစ်ဖက်အပြန်အလှန်ထိုးစစ်များဖြင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။ (၄) မြန်မာ့တပ်မတော်၏ တောင်ဖက်မှ အင်အား(၄၀၀) ကျော်ခန့်ပါသော စစ်ကူစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် ကျောက်တော်မြို့နယ်၊ ( ဝက်မကျရွာနှင့် တင်းမရွာအကြား) ပတ်ဝန်းကျင်များ၌အပြန်အလှန်ထိုးစစ်များဖြင့် တိုက်ပွဲအရှိန်ဆက်လက်မြင့်တက်နေခဲ့သည်။ ရန်သူသည် ပလက်ဝဖက်မှ တပ်မ(၁၁) ၏ တပ်ရင်းအချို့ကိုလည်း မီးဝ-ဗျူဟာကုန်းသို့စစ်ကူပေးရန်စေလွှတ်နေခြင်း၊ လက်နက်ခဲယမ်း၊ လူအင်အားများကိုထပ်မံဖြည့်တင်းနေခြင်းများကြောင့် မနက်ဖြန်၌တိုက်ပွဲများဆက်လက်ပြင်းထန်မည့်အလားအလာများကိုတွေ့မြင်နေရပါသည်။ မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏ထိုးစစ်များကို အကောင်းဆုံးခုခံကာကွယ်သွားမည်။ လိုအပ်လျှင်လိုအပ်သလို မြန်မာ့တပ်မတော်၏ ထိုးစစ်ဖိအားများကိုလျော့ချသွားမည်။ ရခိုင်လူမျိုးများ ကိုသတ်ဖြတ်နေသော တပ်ရင်းများ၊စာသင်ကျောင်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်သောတပ်ရင်းများကိုလက်တုံ့ပြန်တိုက်ခိုက်သွားမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this