၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 21-Apr-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ


တစ်ကမ္ဘာလုံး ကိုရိုနာကူးစက်ရောဂါအား ရင်ဆိုင်နေကြရသည့်အချိန်၊ မြန်မာတစ်နိုင်ငံလုံး၌ ကိုရိုနာကူးစက်ရောဂါ(၁၁၇) ဦးတွေ့ရှိပြီးသည့်အချိန်၌ပင် မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်အပေါ်ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို အရှိန်လျော့ချခြင်းမရှိသေးသည့်အပြင် ကိုရိုနာအကျပ်အတည်းအားအခွင့်ကောင်းယူပြီး စစ်ရာဇဝတ်နယ်ခဲျ့အကြမ်းဖက်မြန်မာ့တပ်မတော်သည် ရခိုင်၊ ပလက်ဝဒေသအနှံ့အရှိန်အဟုန်ပြင်းစွာဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


ဧပြီလဆန်းမှစ၍ ယနေ့အထိ မြန်မာ့တပ်မတော်၏ ထိုးစစ်၊ လေကြောင်း နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းနီးပါးရှိခဲ့သည်။ သင်္ကြန်ကာလအတွင်း၊ ကိုရိုနာအကျပ်အတည်းများကိုဂရုမစိုက်ဘဲ မြန်မာ့တပ်မတော်သည်ထိုးစစ်ကိုဆက်လက်မြှင့်တင်လာသောကြောင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသော မိမိတို့ရက္ခိုင့်တပ်တော်အနေဖြင့်မလွဲမရှောင်သာခုခံကာကွယ်စစ်များမှ  ဟန်ချက်ညီတုံ့ပြန်စစ်များကိုဆင်နွှဲခဲ့ရသည်။ ထို့ကြောင့်ဧပြီလ၊ တတိယအပတ်မှစပြီးတိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက် နေ့၌ မြန်မာ့တပ်မတော်သည် ပလက်ဝ နှင့် မင်းပြားရှိ မိမိတို့ရက္ခိုင့်တပ်တော်၊ တပ်စခန်းရှိရာနေရာနှစ်ခုအား အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထို့အတူ မြန်မာ့တပ်မတော်သည်ကြက်ဥဝရွာအားမီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရာဇဝတ်မှုများကိုထပ်မံကျူးလွန်လျက်ရှိသည်။ ရခိုင်ရွာများအတွင်းသို့လက်နက်ကြီးများဖြင့်တမင်တကာ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်။



(၁) မင်းပြားမြို့နယ်၊ ဖားပြိုရွာတောင်ဖက်(၁) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာ အား မြန်မာ့တပ်မတော်၏ အင်အား(၂၈၀) ခန့်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ဧပြီလ(၂၀)ရက် နံနက်(၈)  နာရီ(၅၂) မိနစ်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် ယနေ့တစ်နေ့လုံးနီးပါးတိုက်ပွဲများတောက်လျှောက်ဖြစ်ပွားခဲ့ပြီးပြင်းထန်ခဲ့သည်။ မြန်မာ့တပ်မတော်၌ အင်အားမလုံလောက်သောကြောင့်အမျိုးသမီးတပ်ဖွဲ့ဝင်များပါ တိုက်ခိုက်လျက်ရှိကြောင်းသိရှိရသည်။ ဤထိုးစစ်အတွင်တွင်လည်းး ရန်သူ့ဖက်မှ ထိခိုက်၊ကျဆုံးမှုများရှိခဲ့သည်။


(၂) မင်းပြားမြို့နယ်၊ ရာမောင်တံတား၌သွားလာနေကြသော အရပ်သားခရီးသွားကားများထဲမှ WHO( ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ ဝန်ထမ်း(၂) ဦးပါ ကားတစ်စီးသည် ညနေ(၅) နာရီ(၄၀) မိနစ် အချိန်၌ ရာမောင်တံတားအားဖြတ်သန်းရန် အတွက်၎င်းတံထားထိပ်ရှိ မြန်မာ့တပ်မတော်၏ တပ်စခန်းတွင်ခွင့်ပြုချက်တောင်းခံခဲ့သည်။ အဆိုပါ WHO ဝန်ထမ်း(၂) ဦးမှာ Coronavirus သံသယရှိသောသူများ၏ သွေးနမူနာများကိုစစ်ဆေးရန်အတွက် ခရီးသွားလာခြင်းဖြစ်သည်။


ထိုသူတို့သည် ရာမောင်တံတားကိုကားဖြင့်ဖြတ်သန်းရန် ၎င်းတံထားထိပ်ရှိ မြန်မာ့တပ်မတော်၏တပ်စခန်းတွင်ခွင့်ပြုချက်တောင်းခံခဲ့သည်။ အဆိုပါ မြန်မာ့တပ်မတော်၏ ရာမောင်တံတားထိပ်တပ်စခန်းမှ ခွင့်ပြုချက်ရ၍ ရာမောင်တံတားအားဖြတ်သန်းနေစဉ်အတွင်း ခွင့်ပြုလိုက်သော မြန်မာ့တပ်မတော်၏တပ်စခန်းမှ လက်နက်ငယ်ဖြင့်ပစ်ခတ်၍ ဝန်ထမ်းနှစ်ဦးမှာ သေနတ်ကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင်WHO ဝန်ထမ်းနှစ်ဦးစီးလာသော ကားမှာ လမ်းဘေးထိုးကျသွားခဲ့သည်။ 


ဤကဲ့သို့ဖြစ်ပျက်ပြီး တစ်နာရီခန့်ကြာမှ ရက္ခိုင့်တပ်တော်မှ တွေ့မြင်၍ အဆိုပါ WHO ဝန်ထမ်း(၂) ဦးအား ကယ်တင်ခဲ့ပြီး လိုအပ်သောဆေးဝါးများဖြင့်အကောင်းဆုံးကုသပေးကာ လုံခြုံစိတ်ချရသောနေရာသို့ပို့ဆောင်ရန်ကြိုးစားလျက်ရှိသည်။ အသေးစိပ်သတင်းများကို သိရှိရပါကထပ်မံတင်ပေးသွားပါမည်။


(၃) မင်းပြားမြို့နယ်၊ ထောင့်သျှေရွာအတွင်းသို့မြန်မာ့တပ်မတော်၏ ဖားပြိုရွာအနီးတောင်ကုန်းမှ လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မင်းရွာအတွင်း နံနက်(၁၁) နာရီ(၄၅) မိနစ်၌လည်းကောင်း၊ ထောင့်ချေရွာအတွင်း နေ့လယ်(၁) နာရီ(၁၅) မိနစ်၌လည်းကောင်း၊ မြစ်နားရွာအတွင်း နေ့လယ်(၁) နာရီ(၃၀) မိနစ်၌လည်းကောင်း အသီးသီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။ မြန်မာ့တပ်မတော်မှ ကျိန်းတောင် နှင့် ရာမောင်တံတားထိပ်မှ လက်နက်ကြီးများဖြင့်ရွာများကိုဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မြစ်နားရွာသူ တစ်ဦးဖြစ်သော အဖ ဦးစိန်အောင်၏ သမီးမသန်းသန်းဝေ(၂၉ နှစ်) မှာသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သော အပြစ်မဲ့ရွာသူ၊ရွာသားအချို့ရှိခဲ့သည်။


ဒဏ်ရာရရှိသူများမှာ---


(က) ဦးမောင်အေးသန်း(၄၁နှစ်)ရင်ဘတ်၊ လက်နက်ကြီးကျည်စထိမှန်၍ဒဏ်ရာရ။


(ခ) ဦးမောင်အေးသန်း၏သမီး၊ မသန်းဦးကြည်(၂၀နှစ်)"ခန္ဓာကိုယ်တစ်ခုလုံး၌လက်နက်ကြီးကျည်စထိမှန်။


(ဂ)ဦးမောင်အေးသန်း၏ဇနီးဦးဆန်းရီ(၄၀နှစ်)လက် တွင် လက်နက်ကြီးစထိမှန်။


(ဃ) ဦးထွန်းမောင်(၄၃နှစ်)၊ လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရ။


(င) ဒေါ်သိန်းတင်အေး(၄၈နှစ်)(ဘ)ဦးစိန်ထွန်း။ထောင့်သျှေရွာ၊ မျက်လုံး၌လက်နက်ကြီးကျည်စထိမှန်။ 


(၄) ပလက်ဝမြို့ အရှေ့ဖက်မီတာ (၅၀၀) ခန့်အကွာအဝေး(ကုလားတန်မြစ်အရှေ့ဖက်ဘက်ကမ်း တောင်ကုန်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား မြန်မာ့တပ်မတော်သည် ညနေ(၄) နာရီ(၅၀) မိနစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိမိတို့အနေဖြင့်အကောင်းဆုံးခုခံကာကွယ်နိုင်ခဲ့သောကြောင့် ရန်သူသည်အထိအခိုက်၊ အကျအဆုံးများဖြင့်နောက်ဆုတ်သွားခဲ့သည်။ ရန်သူ(၇) ဦးသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ဒဏ်ရာ ရရှိသူများလည်း ထပ်မံရှိခဲ့သည်။



(၅) ပလက်ဝမြို့နယ်၊ ကြက်ဥဝရွာ အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက်၊နေ့လယ်(၂) နာရီ(၃၅) မိနစ်အချိန်၌ မြန်မာ့တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့သည်။ ကနဦးရရှိသောသတင်းများအရ ကြက်ဥဝရွာရှိ အိမ်အများစုမှာ မီးလောင်ကျွမ်း၍ ပျက်စီးခဲ့ကြောင်းသိရှိရသည်။ ထို့အပြင် ကြက်ဥဝရွာ၊ ရွာသား(၃) ယောက်(သို့မဟုတ်) ၄ ယောက်ကိုလည်း မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားကြောင်းထပ်မံသိရှိရသည်။


ယခင်ရက်များ၌ မတင်ဖြစ်ခဲ့သော တိုက်ပွဲသတင်းများ နှင့်ယနေ့၏နောက်ဆက်တွဲတိုက်ပွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။


သတင်း နှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this