မြန်မာ့တပ်မတော်၏စွပ်စွဲချက်နှင့်ပတ်သက်၍ရှင်းလင်းချက်

blog

Date : 18-Mar-2020

Nyo Twan Awng

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၇) ရက်နေ့စွဲဖြင့်ထုတ်ပြန်သော"ပလက်ဝမြို့နယ်၊ ဝက်မကျေးရွာမှ ဒဏ်ရာရ ရွာသူ၊ရွာသားအချို့ မတူပီမြို့ပြည်သူ့ဆေးရုံ သို့ ထပ်မံရောက်ရှိ" ဟူသော သတင်းပါ တိုက်ပွဲအတု၊ သတင်းအမှားများနှင့်ပတ်သက်၍ ရှင်းလင်းချက်

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၈) ရက်

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၇) ရက် နေ့စွဲဖြင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသောသတင်းတွင် "ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာ(ရှေ့)ကျေးရွာနှင့် မိတ်စာ(နောက်)ကျေးရွာအနီးရှိ တပ်မတော် စခန်းတစ်ခုအား AA (ရက္ခိုင့်တပ်တော်)က အင်အားသုံးဝိုင်းပတ်ပိတ်ဆို့၍ ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် မလွှဲမရှောင်သာ ပြန်လည် ပစ်ခတ်ခဲ့ရသည်" ဟူ၍ရေးသားထားသည်ကို တွေ့ရှိရသည်။ အဆိုပါရေးသားချက်မှာ လုံးဝသတင်းအမှားဖြစ်သကဲ့သို့ တိုက်ပွဲအတုသာဖြစ်ပါသည်။ 

အခြားတစ်ဖက်တွင် မြန်မာ့တပ်မတော်မှ ကျူးလွန်ထားသောစစ်ရာဇဝတ်မှုများကို ဖျောက်ဖျက်ရန်ကြိုးစားသည့်အပြင် ပုံမှားရိုက်ပြီး မိမိတို့အားအပြစ်ဖို့ရန်ကြိုးစားခြင်းဖြစ်သည်။


မိမိတို့ ရက္ခိုင့်တပ်တော်အနေဖြင့် မြန်မာ့တပ်မတော်၏ မီးဝဗျူဟာကုန်းအား ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းသာဖြစ်ပြီး မိတ်စာဝ(အရှေ့) နှင့် မိတ်စာဝ(အနောက်) ပတ်ဝန်းကျင်များ၌ မိမိတို့အဖို့မည်သည့်တိုက်ပွဲမှမရှိသကဲ့သို့ မိမိတို့၏မည်သည့်တပ်ဖွဲ့ဝင်များလည်းမရှိချေ။ 

မိမိတို့ထုတ်ပြန်ထားသောပုံတွင်ပါရှိသည့်အတိုင်းလက်ရှိတိုက်ပွဲဖြစ်ပွားနေသောနေရာများမှာ မီးဝဗျူဟာကုန်း၏အရှေ့ဖက်တွင်အဓိကဖြစ်ပွားနေပြီး တိုက်ပွဲကာလမှာ ရက်ပေါင်း(၄၀) ကျော်ကြာမြင့်ခဲ့ပြီး "မုန့်သန်းပြင်ရွာ"၏ အရှေ့ဖက်တောင်တန်းများ၌ လချီဖြစ်ပွားနေခြင်းဖြစ်သည်။ မီးဝဗျူဟာကုန်း၏ အနောက်ဖက်အခြမ်း၌ရှိသော မိတ်စာဝကျေးရွာများဖက်၌တိုက်ပွဲဖြစ်ပွားခြင်းအလျဉ်းမရှိခဲ့ပါ။

မြန်မာ့တပ်မတော်၏ထုတ်ပြန်ချက်တွင်ပါရှိသော မိတ်စာဝ(အရှေ့) နှင့် မိတ်စာဝ(အနောက်) ဆိုသည်မှာ မိတ်စာဝ(၁) ၊ မိတ်စာဝ(၂)၊ မိတ်စာဝ(၃) ကျေးရွာများကိုဆိုလိုခြင်းဖြစ်သည်။ အဆိုပါ မိတ်စာဝရွာများကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၄) ရက်၊နံနက်(၁၀) နာရီခန့်အချိန်တွင် မြန်မာ့တပ်မတော်မ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့အရပ်သား(၁၂) ဦးသေဆုံးကာ ပြင်းထန်စွာဒဏ်ရာရရှိသူ(၁၅) ဦးအထက်ရှိခဲ့သည်။ 

ထို့အတူ မတ်လ(၁၅) ရက်နေ့၊ ညနေ(၄) နာရီအချိန်တွင်လည်း မြန်မာ့တပ်မတော်မှ လေကြောင်းမှ ထပ်မံ၍ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဝက်မကျေးရွာမှ အပြစ်မဲ့အရပ်သား(၈ဦး၊ ပြိုင်တင်ကျေးရွာမှ (၅) တန်းကျောင်းသား(၁) ဦးသေဆုံးကာ(၁၂) ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ 

ထို့ကြောင့် မတ်လ(၁၄/၁၅) နှစ်ရက်တာကာလအတွင်း၌ မြန်မာ့တပ်မတော်၏ ရည်ရွယ်ချက်ရှိရှိဖြင့်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မိတ်စာဝကျေးရွာ(၃) ရွာ၊ ဝက်မကျေးရွာ နှင့် ပြိုင်တင်ကျေးရွာများမှ အပြစ်မဲ့ရွာသူ/ရွာသား(၂၁) ဦးသေဆုံးခဲ့ရပြီး(၃၀) ခန့်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ၎င်းကျေးရွာရှိလူနေအိမ်အချို့မှာလည်းမီးလောင်ပျက်စီးခဲ့ရသည်။ 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အနေဖြင့် မြန်မာ့တပ်မတော်၏လေကြောင်းမှပစ်ခတ်တိုက်ခိုက်၍သေဆုံးရသူများ၏မိသားစုများနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်။ 

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this