၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၃) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 13-Feb-2020

Nyo Twan Awng
Nyo Twan Awng

ဖေဖော်ဝါရီလ(၁၃) ရက်နေ့တွင်လည်း ကျောက်တော်၊ပလက်ဝ၊ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များအတွင်း၌ ယခင်နေ့ရက်များကဖြစ်ပွားခဲ့သောနေရာများ၌တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ အထူးသဖြင့်ပလက်ဝ နှင့် ကျောက်တော်မြို့နယ်အတွင်းဖြစ်ပွားနေသောရက်ဆက်တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ပတ်ကျော်ကြာသည်အထိ အပြန်အလှန်ထိုးစစ်များဖြင့် တိုက်ပွဲအရှိန်မြင့်တက်လျက်ရှိသည်။ မြန်မာ့တပ်မတော်၏ထိုးစစ်အရှိန်အားလျော့ချရန်အတွက် မိမိတို့၏ခုခံကာကွယ်စစ်မှာ "တောင်ကုတ်မြို့နယ်အထိ"ကျယ်ပြန့်လာခဲ့သည်။ မြန်မာ့တပ်မတော်၏ဘူးသီးတောင်/စကခ (၁၅)မှ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ခမွေချောင်းကျေးရွာ၊အမက၊မူလွန်စာသင်ကျောင်း၏စာသင်ခန်းအတွင်းမြန်မာ့တပ်မတော်၏လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ မူလတန်းကျောင်းသား/သူ(၂၁)ဦး ဒဏ်ရာရခဲ့သည်။ (အသေးစိပ်သတင်းအားမိမိတို့အနေဖြင့်ထုတ်ပြန်ထားပြီးဖြစ်ပါသည်) (၁) ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း) တစ်ခုအနီး၌ ဖေဖော်ဝါရီလ(၅) ရက်မှ စတင်ဖြစ်ပွားလျက်ရှိသော နှစ်ဖက်အပြန်အလှန်ထိုးစစ်မှာ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ဆိုလျှင် ရက်ဆက်တိုက်ပွဲ" (၈)ရက်မြောက်နေ့" သို့အထိရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရန်သူသည် ဂျက်တိုက်လေယာဉ်များ၊ရဟတ်ယာဉ်များပေါ်မှ စက်သေနတ်၊ရော့ကတ်များအပြင် မီးလောင်ဗုံးများကိုပါသုံးစွဲလာခဲ့သည်။ တပြိုင်နက်တည်းတွင် နှစ်ဖက်အပြန်အလှန်ထိုးစစ် များနှင့်အတူ ဗျူဟာကုန်းအား စစ်ကူပေးရန်ချီတက်လာနေသော ရန်သူ၏ တောင်ဖက် နှင့် မြောက်ဖက် စစ်ကြောင်း(၂) ခုစလုံးအား မိမိတို့ရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်လျက်ရှိပြီး ၎င်းစစ်ကူစစ်ကြောင်း(၂) ခုစလုံးနှင့် မိမိတို့သည် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ (၂) မြန်မာ့တပ်မတော်၏ တောင်ဖက်မှ အင်အား(၄၀၀) ကျော်ခန့်ပါသော စစ်ကူစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် ကျောက်တော်မြို့နယ်၊ ဝက်မကျရွာအနီး၊ (ယခင်နေ့ရက်များ၌တင်းမရွာအနီးဟုရေးသားဖော်ပြ)ကုလားတန်မြစ်အရှေ့ဖက်ကမ်းတောင်တန်းပေါ်တွင် ဖေဖော်ဝါရီလ(၆) ရက်နေ့မှစတင်ဖြစ်ပွားနေခဲ့သည်မှာ ယနေ့ဖေဖော်ဝါရီလ(၁၃) ရက်နေ့ဆိုလျှင်ရက်ဆက်တိုက်ပွဲ(၇) ရက်မြောက်နေ့သို့ရောက်ရှိလာခဲ့ပြီးတိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်။ အဆိုပါရန်သူ့စစ်ကူစစ်ကြောင်းများနှင့် မိမိတို့သည်( ဝက်မကျရွာနှင့် တင်းမရွာအကြား) တွင် အပြန်အလှန်ထိုးစစ်များဖြင့် တိုက်ပွဲအရှိန်ဆက်လက်မြင့်တက်နေခဲ့သည်။ (၃) ဘူးသီးတောင်မြို့နယ်၊ ကမ်းပိုင်ချောင်းရွာ အရှေ့မြောက်ဘက် (၁) ကီလိုမီတာအကွာအဝေး၌၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီလ(၁၃) ရက်၊နံနက်(၉) နာရီ(၁၅) မိနစ်တွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ (၁၅) မိနစ်အတွင်းရန်သူသည်အထိနာ၍ တိုက်ပွဲဖြစ်ပွားသောနေရာသို့ဘူးသီးတောင်အခြေစိုက်၊စကခ (၁၅)မှ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။ မိနစ်အနည်းငယ်ကြာတိုက်ပွဲအတွင်းရန်သူ့ဖက်မှမျက်မြင်(၁၀) ဦးခန့်သေဆုံးခဲ့သည်။ ဖေဖော်ဝါရီလ (၁၃)ရက်၊ နံနက်(၁၀) နာရီ(၀၃) မိနစ်၊ (၁၀) နာရီ(၁၀) မိနစ် နှင့် (၁၀) နာရီ(၁၃) မိနစ်တို့တွင် မြန်မာ့တပ်မတော်၏ ဘူးသီးတောင်အခြေစိုက် စကခ(၁၅)မှ လက်နက်ကြီးများဖြင့်(၃) ကြိမ်ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်သည့်သုံးကြိမ်အတွင်း တတိယအကြိမ်မြောက် လက်နက်ကြီးကျည်ဆံမှာ ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာ၊ အမက၊ မူလွန်စာသင်ကျောင်းတစ်ခုထဲ ကျရောက်ပေါက်ကွဲသောကြောင့် စာသင်နေသော ကျောင်းသား/သူ စုစုပေါင်း(၂၁) ဦးမှာ လက်နက်ကြီးကျည်စများထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။ ယခင်နေ့ရက်များ၌လည် မြန်မာ့တပ်မတော်၏ လက်နက်ကြီးပစ်ကူများ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အရပ်သားအချို့ထိခိုက်၊သေဆုံးမှုများနေရာအနှံ့၌ရှိခဲ့သည်။ (၄) တောင်ကုတ်မြို့နယ်၊ "လယ်ဖားရွာ"နှင့် "ရုန်းရွာကြား" (တနည်း) လယ်ဖားကျေးရွာ၏ အရှေ့တောင်ဖက်၊ (၁) ကီလိုမီတာခန့်အကွာအဝေးရှိ တောင်ကုတ်-အမ်း ကားလမ်းမထက်တွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၃) ရက်၊ နံနက်(၇) နာရီ(၄၀) မိနစ်၌ရန်သူ၏ စစ်ကားတစ်စီးအား ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ အသေအပျောက်မရှိသော်လည်း ထိခိုက်ဒဏ်ရာရမှုများရှိနိုင်သည်။ အခြားနေရာအချို့ ၌လည်း ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုအနည်းငယ်ရှိခဲ့သည်။ အသေးစိပ်သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this