WHO၏ကားပစ်ခတ်ခံရခြင်းနှင့်စပ်လျဉ်းသည့် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ထုတ်ပြန်ကြေညာချက်

blog

Date : 30-Apr-2020

Nyo Twan Awng
Nyo Twan Awng

အမှတ် (၂၂/၂၀၂၀)
၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း (၈) ရက်
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၉) ရက်

နိုင်ငံတော်သမ္မတရုံးမှဖွဲ့စည်းလိုက်သော WHO အဖွဲ့ပိုင် မော်တော်ယာဉ်ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့်စပ်လျဉ်းသည့် 
စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၀ ၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၈) ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းလိုက်သော “ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့်စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီ” တွင် ပါဝင်ထိုက်ပါဝင်သင့်သူများ တစ်ဦးတစ်ယောက်မျှမပါဝင်ဘဲ ပဋိပက္ခနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး ပဋိပက္ခအတွင်း  ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ခဲ့သည့် မြန်မာ့တပ်မတော် နှင့် အမိန့်ပေးညွှန်ကြားသူ မြန်မာအစိုးရတို့၏ သီးသန့်ကိုယ်စားလှယ်များဖြင့်စုဖွဲ့ထားသော ကော်မတီတစ်ခုဖြစ်၍ ၎င်းသမာသမတ်မရှိသောကော်မတီကို လုံးဝအယုံအကြည်မရှိကြောင်း သိစေအပ်သည်။
ထို့ကြောင့် ဤ “ကော်မတီ” သည်လည်း NLD ဦးဆောင်သော မြန်မာအစိုးရမှ ယခင်ဖွဲ့စည်းခဲ့ပြီးသော “ကော်မတီများ” နည်းတူ အမှန်တရားကိုအဖြေရှာမည့် ကော်မတီမဟုတ်ဘဲ ၎င်းတို့ကျူးလွန်ထားသော ပြစ်မှုများကို ဖုံးကွယ်ရန်၊ ဖျောက်ဖျက်ရန်၊ အချိန်ဆွဲထားရန်၊ တစ်ဖက်အဖွဲ့အစည်းအပေါ် အပြစ်ပုံချရန် နှင့် ပြစ်မှုကျူးလွန်ထားသောသူများကို အကာအကွယ်ပေးရန်အတွက် ဖွဲ့စည်းလိုက်သော “ကော်မတီ” တစ်ခုသာဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း၌ မြန်မာ့တပ်မတော် နှင့် ရုပ်ပြအမည်ခံဒီမိုကရေစီအစိုးရတို့သည် စုံစမ်းစစ်ဆေးမှုများအတွက် ကော်မတီများဖွဲ့ကြရာတွင် အမှုမှန် နှင့် အမှန်တရားများဖော်ထုတ်ရန် ဖွဲ့စည်းကြခြင်း မဟုတ်ဘဲ လူကြားကောင်းအောင်ဖွဲ့စည်းလိုက်ကြသော “အလိမ်အညာကော်မတီ” များသာဖြစ်နေသည်ကို ထင်ရှားစွာတွေ့ရှိနေရပါသည်။ ၎င်းတို့ကိုယ်တိုင် ပြစ်မှုကျူးလွန်ထားသော ကာယကံရှင်အဖွဲ့အစည်းမှ ၎င်းတို့၏ ကိုယ်စားလှယ်များကိုထည့်သွင်း၍ စုံစမ်းစစ်ဆေးရန် ကော်မတီဖွဲ့နေခြင်းမှာ “လူလိမ်အား ဖဲဝိုင်းထောင်ခိုင်းနေခြင်း” သာဖြစ်ပါသည်။
အမှန်တရား နှင့် တရားမျှတမှုကိုရှာဖွေရန်အတွက် ယခုကဲ့သို့ “ကော်မတီ” ကိုဖွဲ့စည်းလိုက်သည်ဟု ထင်မြင်ယူဆ၍ရသော်လည်း တစ်ဖက်သတ်ဖွဲ့စည်းထားသောကော်မတီတွင် ပါဝင်သူများကိုကြည့်၍ အမှန်တရား ပေါ်ပေါက်နိုင်စရာအကြောင်းမရှိဟု ပြောလိုပါသည်။ WHO ဝန်ထမ်း (၁) ဦး သေနတ်မှန်သေဆုံး၍ တစ်ဦးထိခိုက် ဒဏ်ရာရသောကိစ္စနှင့်ပတ်သက်၍ အမှန်တရားများပေါ်ပေါက်စေရန် သမာသမတ်၊ အရည်အချင်း၊ အဖက်ဖက်မှ လက်ခံနိုင်သော လူပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းထားသော “လွတ်လပ်ပြီး တရားမျှတသော စုံစမ်းစစ်ဆေးရေး ကော်မရှင်” အဖြစ် ဖွဲ့စည်းနိုင်မှသာ အမှန်တရား နှင့် တရားမျှတမှု ပေါ်ပေါက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ထိုသို့သောကော်မရှင်မျိုးကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .