WFP နှင့်ပတ်သက်၍ နိုင်ငံရေးအရ လီဆယ်ထုတ်ပြန်ထားသော သတင်းများအပေါ် ULA/AA မှ ရှင်းလင်းချက် - အပိုင်း(၃)

blog

Date : 06-May-2020

Nyo Twan Awng






ဗမာလူမျိုးရေးအစွန်းရောက် စစ်ရာဇဝတ်ကောင် မြန်မာ့တပ်မတော် ၊ မြန်မာအစိုးရ၏ နိုင်ငံတော်သမ္မတရုံး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မှ WFP နှင့်ပတ်သက်၍ နိုင်ငံရေးအရ လီဆယ်ထုတ်ပြန်ထားသော သတင်းများအပေါ် ULA/AA မှ ရှင်းလင်းချက် - အပိုင်း(၃)

(၁၆) ရခိုင် ပလက်ဝဒေသအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပေးရန် နှင့် အကူအညီပေးရန်၊ သဘာဝဘေးအန္တရာယ်၊ ကပ်ဘေး၊ မိုးလေဝသ နှင့် မုန်တိုင်းသတင်းများကို အချိန်နှင့်တပြေးညီသိရှိနိုင်ရန် အတွက် ဆက်သွယ်ရေးအင်တာနက်လိုင်းများအား တပြေးညီတန်းတူရရှိနိုင်ရန်ပြုလုပ်ပေးရမည့်အစား ကာလကြာရှည်ပိတ်ဆို့ထားသည်မှာ ပြည်သူလူထုအပေါ်အစိုးရတစ်ရပ်အနေဖြင့် မည်ရွေ့မည်မျှတန်ဖိုးထားသည်ကိုသိမြင်နိုင်ပါသည်။

(၁၇) ထို့အပြင် မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော် တို့သည် ကုန်းလမ်း၊ ရေလမ်းများကို AA မှပိတ်ဆို့ထားသည်ဟု တစ်ဖက်သတ်စွပ်စွဲပြောဆိုနေသည်။ အမှန်တကယ်တွင် ၎င်းတို့စွပ်စွဲပြောဆိုနေသည့် ပိတ်ထားသောလမ်းများမှာ မိမိတို့အဖွဲ့အစည်းကြောင့် ပိတ်ဆို့နေသည်မဟုတ်ဘဲ မြန်မာ့တပ်မတော်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့် ပိတ်ဆို့နေခြင်းသာ ဖြစ်ပါသည်။

(၁၈) အဆိုပါလမ်းများကို မြန်မာ့တပ်မတော် အနေဖြင့် ၎င်းတို့ကိုယ်တိုင်ပိတ်ဆို့ပြီး ၎င်းတို့မှပြန်ဖွင့်ပြီး နာမည်ကောင်းခံနေခြင်းမှာ အရှက်သိက္ခာတရားကင်းမဲ့မှုကိုဖော်ပြနေပြီး မြန်မာအစိုးရအနေဖြင့်လည်း အမှန်တရားကိုမျက်ကွယ်ပြု၍ မြန်မာ့တပ်မတော် အပေါ်ထောက်ခံချီးကျူးနေသည်မှာ မကောင်းမှု ကိစ္စရပ်များကိုပြုလုပ်ရာတွင် ပုလင်းတူဗူးဆို့ ဆိုသကဲ့သို့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဆိုသည်ကို တွေ့မြင်နိုင်ပါသည်။

(၁၉) WHO ပိုင် မော်တော်ကားအပစ်ခံရသည့်ကိစ္စရပ် ၌လည်း အသက်ဘေးမှလွတ်မြောက်ကျန်ရစ်သူအား မီဒီယာများနှင့်တွေ့ခွင့်မပေးဘဲ ခြိမ်းခြောက်ပြောဆိုနေသည်မှာ အမှန်တရားများပေါ်ပေါက်လာမည်ကို စိုးရိမ်သောကြောင့် ပေးမတွေ့ခြင်းသာဖြစ်သည်။မြန်မာ့တပ်မတော်အနေဖြင့် ၎င်းတို့ကျူးလွန်ခဲ့သောပြစ်မှုများကို WHO နှင့် နိုင်ငံတကာမှသိရှိသွားမည်ကိုစိုးရိမ်သောကြောင့်သာဖြစ်သည်။

(၂၀) ICRC ၊ WHO နှင့် WFP ကားအပစ်ခံရခြင်း နှင့်ပတ်သက်၍ အပစ်ခံရသော မိခင်အဖွဲ့အစည်းများမှ ထုတ်ပြန်ထားသောထုတ်ပြန်ချက်များကို ကြည့်၍ မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကိုခန့်မှန်းသိရှိနိုင်ပါသည်။

WFP Statement Link: https://myanmar.un.org/en/44011-wfp-news-release-wfp-food-reaches-communities-affected-conflict-and-hunger-remote-paletwa

(၂၁) အမှုမှန် နှင့်အမှန်တရား များပေါ်ပေါက်ရေးအတွက် မိမိတို့ ULA/AA အနေဖြင့် တတ်နိုင်သည့်နေရာမှ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပါသည်။

(၂၂) တိုင်းရင်းသားလူမျိုးဒေသအသီးသီး၌ စစ်ရာဇဝတ် မှုများကိုဆယ်စုနှစ်ပေါင်းများစွာကျူးလွန်ခဲ့သော လက်မရွံ စစ်ရာဇဝတ်ကောင်(မြန်မာ့တပ်မတော်သား) များသည် နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံး၌ အပြစ်ပေးအရေးယူမခံရမချင်း ၎င်းတို့သည် မိမိတို့တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင်း၌ရှိသောပြည်သူလူထုများအတွက် ကြီးစွာသော အသက်အန္တရာယ်ခြိမ်းခြောက်မှုတစ်ခုအဖြစ် နေရာယူလျက်ရှိသည်။ ပြည်သူ့စိုးရိမ်သောကများမှာလည်းမြင့်မားလျက်ရှိသည်။

(၂၃) ရခိုင်လူမျိုးများနှင့် ရခိုင်ဒေသအတွင်းနေထိုင်ကြသောမျိုးနွယ်စုများအပေါ် လူမျိုးရေးအမုန်းတရား များကို အခြေခံသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများမှ လူမျိုးတုံးသတ်ဖြတ်ခြင်းအဆင့်သို့ ဦးတည်နေသောလုပ်ရပ်များကို စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရခိုင်နှင့်ပလက်ဝဒေသများ၌ ပိုမိုအတင့်ရဲစွာလုပ်ဆောင်လာသည်များကို တွ့မြင်လာရပါသည်။

(၂၄) ပြစ်မှုကျူးလွန်ထားသော်လည်း အပြစ်ပေးအရေးယူမခံရသေးဘဲ လွတ်မြောက်နေသော စစ်ရာဇဝတ်ကောင်များအား အပြည်ပြည်ဆိုင်ရာတရားရုံး၌ အပြစ်ပေးအရေးယူနိုင်ရေးတို့အတွက် အမှန်တရားကိုမြတ်နိုးသော ကမ္ဘာ့အသိုင်းအဝိုင်းများမှ အပြစ်ပေးအရေးယူရန်ဆောင်ရွက်နေသည်များမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် များစွာအထောက်အကူပြုပါလိမ့်မည်။

(၂၅) ရက္ခိုင့်တပ်တော်သည် ရခိုင်ဒေသအတွင်းမှီတင်းနေထိုင်ကြသော လူမျိုးကြီးငယ်မတူ၊ ဘာသာကွဲပြားသော လူမျိုးပေါင်းစုံတို့ ဖိနှိပ်အုပ်ချုပ်သူ ဗမာအစွန်းရောက်နယ်ချဲ့ သောင်းကျန်းသူတို့ လက်အောက်မှ လွတ်မြောက်ရေးအတွက် ရှေ့ဆုံးမှဦးဆောင်၍ တိုက်ပွဲဝင်နေသောအဖွဲ့အစည်းတစ်ခုသာဖြစ်သည်။ ထို့ပြင် ပြည်သူလူထုစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး၊ ရှင်သန်ရပ်တည်နိုင်ရေးတို့ကို အမြဲတမ်းထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။

(၂၆) WFP ကုန်တင်ယာဉ်ကားအပစ်ခံရခြင်းနှင့်ပတ်သက်၍ မြန်မာအစိုးရ နှင့်မြန်မာ့တပ်မတော်တို့တွင် လုံးလုံးလျားလျားအပြည့်အဝတာဝန်ရှိပါသည်။

(၂၇) အချုပ်ဆိုရသော် WFP ၏စားနပ်ရိက္ခာများကို သယ်ဆောင်လာသော ကုန်တင်ယာဉ်(၃) စီးအား လက်နက်ငယ်ဖြင့် ပစ်ခတ်သည့် လက်သည်တရားခံမှာ မိမိတို့အဖွဲ့အစည်းမဟုတ်ဘဲ မြန်မာ့တပ်မတော်သာဖြစ်ပါသည်။ ၎င်းတို့၏အပြစ်များကို ဖုံးကွယ်ရန်ကြိုးစားပြီး မိမိတို့အဖွဲ့အစည်းအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် အပြစ်လွဲချရန် ကြိုးစားအားထုတ်သည့်လုပ်ရပ် တစ်ခုသာဖြစ်ကြောင်း လေးစားစွာဖြင့်ရှင်းလင်းအသိပေးအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .