စစ်ကောင်စီတပ်မှဖမ်းဆီးပြီးလူသားဒိုင်းကာအဖြစ်အသုံးပြုထားသောပေါက်တောမြို့သူမြို့သားများအား AA ကယ်ထုတ်

blog

Date : 21-Nov-2023

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၀၂) မိနစ်ခန့်တွင် ရက္ခိုင်ပြည်နယ်၊ ပေါက်တောမြို့ အတွင်း နေရာအချိုနှင့် လောကထိပ်ပန်ဘုရားကုန်းတို့၌ စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

စစ်ကောင်စီသည် ပေါက်တောမြို့မှ ရဟန်းသံဃာ အပါအဝင် ဒေသခံပြည်သူလူထု (၁၀၀) နီးပါးကို ဓါးစာခံနှင့် လူသားဒိုင်းကာအဖြစ်အသုံးပြုရန် ပြန်ပေးဆွဲထားသည်မှာ (၆) ရက် ခန့်ရှိပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှစတင်၍ ပြန်ပေးဆွဲထားခြင်းဖြစ်သည်။

 

ထိုကြောင့် ရက္ခိုင့်တပ်တော်သည် ပေါက်တောမြို့အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများအား ဝင်ရောက် တိုက်ခိုက်ပြီး ဓါးစာခံပြည်သူလူထုအားလုံးကို ဘေးအန္တရာယ်ကင်းစွာဖြင့်  ကယ်ထုတ်နိုင်ရန် ကြိုးစားရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ဓါးစာခံပြည်သူလူထုများအား ကယ်တင်နိုင်ခဲ့သည့် ဤတိုက်ပွဲသည် ပေါက်တောမြို့အတွင်း ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်လည်း အထိနာကာ အကျအဆုံးများခဲ့သည်။ ရန်သူ့လက်နက်ခဲယမ်းတချို့အား မိမိတို့မှ သိမ်းဆည်း ရမိခဲ့သည်။ မိမိတို့ ဖက်မှလည်း အာရက္ခစစ်သည်အချို့ အသက်ပေးဆပ်ခဲ့ရပြီး ဒဏ်ရာရရှိသူအချို့လည်း ရှိခဲ့သည်။

 

ထိုကြောင့် ရန်သူသည် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့ပါ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းများကို ယခုအချိန်အထိ ပြုလုပ်လျက်ရှိသည်။

 

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အမြဲတမ်းကာကွယ်ပေးလျက်ရှိပြီး ပြည်သူလူထုအားဒုက္ခရောက်ရန် ပြုလုပ်သော မည်သူ့ကိုမဆို တားဆီးတိုက်ဖျက်သွားမည်။ အာရက္ခပြည်သူလူထုများအား သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း မိမိတို့ ထုတ်ပြန်ထားသည့်အတိုင်း လက်စားချေ တုံပြန်သွားမည်ဖြစ်သည်။

 

ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက်ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသောဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် မိမိတိုအနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .