၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၄/၂၅) ရက်နေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 25-Jan-2020

ဇန်နဝါရီလ(၂၄/၂၅) ရက်နေ့များတွင်လည်း ရခိုင်ဒေသ၊ ပလက်ဝဒေသများ၌ မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ၊ လက်နက်ကြီးပစ်ကူများနှင့်အတူ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေမှုများဆက်လက်ရှိနေခဲ့ပြီး တိုက်ပွဲအရှိန်မှာဆက်လက်မြင့်မားလျက်ရှိခဲ့သည်။ မြန်မာ့တပ်မတော်၏ ညအချိန်မတော်လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့်အရပ်သားဘင်္ဂလီများသေဆုံးသူ၊ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။ ဇန်နဝါရီ(၂၄/၂၅) ရက်၊ နှစ်ရက်တာကာလအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲ(၆) နေရာအတွင်း ရန်သူ(၂၀) ဦးခန့်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်အချို့တိုင်းပြည်နှင့်လူမျိုးအတွက်ကိုယ်လက်ခန္ဓာ၊အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ မြေပုံမြို့နယ်၊ အင်ကြင်းရွာ၊ အရှေ့မြောက်ဖက်(၅.၅)ကီလိုမီတာအကွာအဝေးတွင်တောင်တန်းပေါ်တွင်ဇန်နဝါရီလ(၂၄) ရက်၊ နေ့လည် (၁၂) နာရီ(၁၅) မိနစ်မှစတင်ပြီးတိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည်မိမိတို့ရှိရာနေရာသို့ကျုးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။ ထို့အတူ ညနေ(၅) နာရီခန့်တွင်လည်း အင်ကြင်းရွာ၊ အရှေ့မြောက်ဖက်(၄.၆)ကီလိုမီတာအကွာအဝေးတွင်တောင်တန်းပေါ်တွင်ထပ်မံ၍တိုက်ပွဲဖြစ်ပွားခဲ့သည်။ ပလက်ဝမြို့နယ်၏ပိန္နဲတပင်ရွာ အနောက်တောင်ဖက်(၄.၃) ကီလိုမီတာအကွာအဝေးရှိ ပွိုင့် (၉၆၉) တောင်ကုန်းရှိမိမိတို့အား မြန်မာ့တပ်မတော်၏ တပ်မ(၁၁) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ(၂၁၂) နှင့် ခမရ(၂၁၅) တို့ သည် မြေပြင်နှင့်ဝေဟင်ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့်တိုက်ပွဲများပြင်းထန်ခဲ့သည်။ ဇန်နဝါရီလ(၂၄) ရက်၊ နေ့လည်(၁) နာရီ(၄၆) မိနစ်မှစတင်ပြီး ရဟတ်ယာဉ်(၂) စီး၊ ဂျက်တိုက်လေယာဉ်(၂) စီးတို့ဖြင့် (၇) ကြိမ်တိုင်တိုင်(၂ စီးတစ်လှည့်စီ)လာရောက်တိုက်ခိုက်ခဲ့ပြီး ညနေ(၅) နာရီခန့်တွင်မှ မြေပြင်မှလက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏ထိုးစစ်အားအထိအခိုက်၊အကျအဆုံးအနည်းဆုံးဖြင့်အကောင်းဆုံးခုခံကာကွယ်တိုက်ခိုက်နိုင်ခဲ့သည်။မြန်မာ့တပ်မတော်၏ယနေ့ထိုးစစ်အတွင်း ၎င်းတို့ဖက်မှ မျက်မြင်(၃) ဦးသေဆုံးကာ (၅) ဦးဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီလ(၂၅) ရက်နေ့၊ ည(၁) နာရီ (၂၀) မိနစ်ခန့်တွင် မြန်မာ့တပ်မတော်၏ ဘူးသီးတောင်အခြေစိုက်၊ခမရ(၅၅၁) တပ်ရင်းမှညအချိန် မတော်လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ရွာအတွင်းကျရောက်ပေါက်ကွဲမှုကြောင့် ဘင်္ဂလီအမျိုးသမီး(၁) ဦးနှင့် သူမ၏ ဖခင်မှာလည်းလက်နက်ကြီးကျည်ကြောင့်သေဆုံးခဲ့ပြီး အခြားဒဏ်ရာရရှိသူ(၇) ဦးရှိခဲ့သည်။ ဤသို့ မြန်မာ့တပ်မတော်၏လက်နက်ကြီးကြောင့်သေဆုံးခြင်းကို မိမိတို့၏လုပ်ရပ်ဟု အပြစ်ပုံချစွပ်စွဲသည့် စစ်ရာဇဝတ်တပ်ဖွဲ့၏စွပ်စွဲချက်မှာ အောက်တန်းကျလှပေသည်။ မြန်မာ့တပ်မတော်အနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ စိုးရိမ်စိတ်များဖြင့်ကြောက်လန့်ပစ်ခတ်နေခဲ့သည်မှာ ကာလအတန်ကြာရှိခဲ့ပြီဖြစ်သည်။ ဤသည်ကို ဒေသခံပြည်သူလူထုအားလုံးအသိပင်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်၏လက်နက်ကြီး၊ လက်နက်ငယ်ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံး၊ထိခိုက်ဒဏ်ရာရသည့် ဒေသခံပြည်သူလူထုအရေအတွက်မှာလည်း ဆက်လက်မြင့်တက်လျက်ရှိသည်။ ဤကဲ့သို့ပြည်သူလူထုများအား လူမျိုးရေးအမုန်းတရားများဖြင့် ပစ်ခတ်တိုက်ခိုက်ကာသတ်ဖြတ်နေသောမြန်မာ့တပ်မတော်၏ လက်နက်ကြီးစခန်းများအား ရက္ခိုင့်တပ်တော်မှလက်တုံ့ပြန်တိုက်ခိုက်သွားမည်။ ဇန်နဝါရီ(၂၅) ရက်နေ့တွင်လည်း ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သော မြေပုံမြို့နယ်၊အင်ကြင်းရွာ၊ အရှေ့မြောက်ဖက်(၄.၆)ကီလိုမီတာအကွာအဝေးတွင်တောင်တန်းပေါ်တွင်နေ့လည်(၁၂) နာရီ(၁၀) မိနစ်တွင်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ရွာတောင်ဖက်တွင်လည်း မြန်မာ့တပ်မတော်၏ အင်အား(၁၀၀) ခန့်ပါစစ်ကြောင်းအား နံနက်(၉) နာရီ(၄၅) မိနစ်တွင် ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းတစ်ခုမှညအဝေးထိန်းစနစ်ပါရှိသောမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ပလက်ဝမြို့နယ်၊ နှုန်းဘူးရွာအနောက်ဖက်တောင်တန်းပေါ်တွင်လည်း နေ့လည်(၂) နာရီ(၂၂) မိနစ်တွင်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်အနေဖြင့် စစ်အင်အား၊ လက်နက်အင်အားများကိုထပ်မံဖြည့်တင်းကာထိုးစစ်များကိုဆက်လက်ပြုလုပ်နေသောကြောင့်ယခုကဲ့သို့တိုက်ပွဲများထပ်မံဖြစ်ပွားနေရခြင်းဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .