Date : 22-Nov-2023
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊
နိုဝင်ဘာလ (၂၂) ရက်
ရက္ခိုင်ဒေသစစ်မျက်နှာ၌
၁၀၂၇ စစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှသာ စတင်နိုင်ခဲ့ပြီး
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၂၂) ရက်နေ့ဆိုလျှင် ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀)
ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
စစ်ဆင်ရေးစတင်သည့်
ပထမနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃)
ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို
ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ ဖြစ်သော နိုဝင်ဘာလ (၁၄)
ရက်နေ့၊ နံနက် (၇) နာရီခွဲအချိန်တွင် "ချိန်ခါလီ"နယ်ခြားစောင့်
တပ်စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။
ထို့အပြင်
ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်မာ အထိုင်ချ နေရာယူထားသော
“တရွန်အိုင်ဗျူဟာ” နှင့် “နှုးဘူးဗျူဟာ” နှစ်ခုအား နိုဝင်ဘာလ (၁၄) ရက်နေ့မှ စတင်ကာ
ယနေ့အချိန်အထိ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ဤဗျူဟာနှစ်ခုအား ထိုးစစ်ဆင် တိုက်ခိုက် နေခဲ့သည်မှာ ယနေ့ဆိုလျှင် (၉)
ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
အဆိုပါဗျူဟာနှစ်ခုအား
ရန်သူသည် လက်နက်ခဲယမ်းရိက္ခာများကို လေကြောင်းမှချပေးနေရပြီး ယမန်နေ့က
ရန်သူ့လေကြောင်း ထောက်ပို့ပစ္စည်းများထဲမှ အချို့ကို မိမိတို့ သိမ်းဆည်းရမိခဲ့သည်။
၂၀၂၃ ခုနှစ်၊
နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀) နာရီခန့်မှ စတင်ထိုးစစ်ဆင်ခဲ့သော
မောင်တောအခြေစိုက် "ဒုံးညို"နယ်ခြားစောင့်တပ်စခန်းအား နိုဝင်ဘာ (၁၇)
ရက်နေ့ နေ့လယ် (၁) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်
သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။
လက်နက်ချအညံ့မခံသော
စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်သွားမည်ဟု ထုတ်ပြန် ထားသည့်အတိုင်း
ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၃ ခုနှစ်၊
နိုဝင်ဘာလ (၁၈) ရက်နေ့တွင်လည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏
"ခထီးလှ" တပ်စခန်းအား အညံ့မခံသောကြောင့် နံနက် (၈) နာရီ (၁၄) မိနစ်တွင်
စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက် (၈)
နာရီခန့် အချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
တိုက်ပွဲကာလ (၁၀)
ရက်တာအတွင် ရက္ခိုင့်တပ်တော်မှ ရန်သူ့ စခန်း (၄) ခုအား ထိုးစစ်ဆင် သိမ်းပိုက်ထား
နိုင်ခဲ့ပြီဖြစ်ပြီး တခြား ရန်သူ့ဘက်မှ စွန့်လွှတ်သွားခဲ့သော စခန်းပေါင်း (၄၀)
ကျော်ကိုလည်း မိမိတို့မှ သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့အပြင်
ပေါက်တောမြို့၌ ရန်သူ့ဘက်မှ လူသားဒိုင်းကာအဖြစ် ဓါးစာခံဖမ်းဆီးထားသော ရဟန်းသံဃာများ၊
သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် မြို့သူမြို့သား
(၁၀၀) နီးပါးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ
(၂၁) ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ဆက်လက်၍လည်း ရန်သူ့လက်ထဲ၌ ကျန်ရှိနေသေးသော
လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရသော ပေါက်တောမြို့သူ မြို့သားများအား
ရန်သူ့လက်ထဲမှ လွတ်မြောက်နိုင်ရေး ကြိုးစားလျက်ရှိသည်။
ယနေ့ နံနက် (၇)
နာရီ (၂၀) မိနစ်ခန့်မှစတင်ပြီး ပေါက်တောမြို့အတွင်း၌ ဓါးစာခံကယ်တင်ရေးအတွက်
တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ ရန်သူသည် ရေကြောင်း၊ လေကြောင်း၊
လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။
ရန်သူဖမ်းထားသော ဓားစာခံပြည်သူအချို့ကို ယမန်နေ့နည်းတူ ထပ်မံကယ်ထုတ်နိုင်ခဲ့သည်။
ရန်သူသည်
ပေါက်တောမြို့အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ယနေ့ နံနက် (၁၀) နာရီ (၀၅)
မိနစ်ခန့်မှစတင်ပြီး MiG 35၊
ဂျက်တိုက်လေယာဉ်တို့ဖြင် တစ်လှည့်စီလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ
သုံးကြိမ်တိုင် ရှိခဲ့ပြီဖြစ်သည်။ နေ့လယ် (၁၂) နာရီ(၀၅) မိနစ်အချိန်တွင်
လောကထိပ်ပန် ဘုရားကုန်းကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် မိနစ် (၂၀) ခန့်
လှည့်ပတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကိုင်းတိုင်း၊
ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ လမ်းသုံးခွဆုံအနီး၌လည်း စစ်ကောင်စီနှင့်
ရက္ခိုင့်တပ်တော်တို့သည် နိုဝင်ဘာလ (၂၁) ရက်နေ့ နေ့လယ် (၁၂) နာရီ (၁၅)
မိနစ်မှစတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထီးချိုင့်မြို့ အခြေစိုက် ခမရ (၃၆၇) တပ်ရင်းနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြည်သူကို
ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့် ခြိမ်းခြောက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို
လက်ရဲဇက်ရဲဆက်တိုက်ကျူးလွန် နေသော စစ်ကောင်စီ၏ တပ်စခန်းများ နှင့် လက်နက်ချ
အညံ့မခံသောသူများအား ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်သည်။