သာသနာ့နယ်မြေအတွင်းစခန်းချတပ်စွဲနေကြသောလူမျိုးရေးအစွန်းရောက်ဗမာ့နယ်ခဲျ့တပ်မတော်၊အပိုင်း(၁)

blog

Date : 18-Jun-2020

ရခိုင့်ဘိုးဘွားပိုင်သမိုင်းအမွေအနှစ်များကိုဖျက်ဆီးပြီး သာသနာ့နယ်မြေအတွင်း စခန်းချတပ်စွဲနေကြသော လူမျိုးရေးအစွန်းရောက်ဗမာ့နယ်ခဲျ့တပ်မတော်၊ အပိုင်း(၁)

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၇) ရက်

ယခု Video File(or) Clip သည် ရခိုင်ပြည်၊မြောက်ဦးမြို့နယ်၊ သင်းကျစ်တော်စေတီကုန်းထက်၌ ပုံသေစခန်းချတပ်စွဲထားသော တပ်မ(၄၄) လက်အောက်ခံတပ်ရင်းတစ်ခုမှ ၂၀၂၀ ပြည့်နှစ် ဇွန်လ(၈/၉) ရက်များတွင် စစ်ရေးလှုပ်ရှားနေသောပုံရိပ်များဖြစ်သည်။

ပေ(၅၀၀)ကျော်မြင့်သော သင်းကျစ်တော်တောင်ပေါ်တွင်တည်ရှိသည့် သင်းကျစ်တော်စေတီသည်  မြောက်ဦးမြို့ မြောက်ဘက် (၅)မိုင်ခန့် အကွာအဝေးတွင်တည်ရှိသည်။ပေါက်တောပြင်ရွာ၏ အရှေ့ဘက်တွင်တည်ထားခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ တပ်မ(၄၄) လက်အောက်ခံတပ်ရင်းများမှ တပ်ဖွဲ့ဝင်များသည် စေတီရင်ပြင်တော်ထက်၌ ကတုတ်ကျင်းများတူး၍လည်းကောင်း၊ဘုရားတန်ဆောင်းများနှင့် စေတီပတ်ပတ်လည်တွင် အခိုင်အမာစခန်းချ၍လည်းကောင်း ရခိုင့်ဘိုးဘွားပိုင်သမိုင်းအမွေအနှစ်များကိုယုတ်မာစွာဖျက်ဆီးလျက်ရှိသည်။ 

လူမျိုးရေးအစွန်းရောက်ဗမာ့နယ်ခဲျတပ်(မြန်မာ့တပ်မတော်) ၏ ရက္ခိုင့်တပ်တော်အပေါ် ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးပြုလုပ်စဉ်အတွင်း မြန်မာ့တပ်မတော်သည် ရခိုင့်ဘိုးဘွားပိုင် သမိုင်းအမွေအနှစ် များကို နယ်ခဲျ့ကျူးကျော်သူတို့၏စရိုက်လက္ခဏာအတိုင်း ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးနေခဲ့သည်မှာ ကာလအတန်ကြာပြီဖြစ်သကဲ့သို့ ကြိမ်ဖန်များစွာရှိပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်၊  မတ်လ(၁၅) ရက်နေ့ တွင် ရခိုင်လူမျိုးတို့၏ ထီးနန်းစိုက်ခဲ့ရာ မြောက်ဦးမြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်လောက်သော ရှေးဟောင်းသမိုင်းယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော စေတီပုထိုးများအတွင်းသို့ တိုက်ပွဲအတုများဖန်တီး၍လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် သမိုင်းဝင် စေတီပုထိုးများအနီးထိမှန်ကျရောက်ပေါက်ကွဲခဲ့သည်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ မြန်မာ့တပ်မတော်၏ မြောက်ဦးအခြေစိုက်၊ ခမရ(၅၄၀) တပ်ရင်း ၊ရွှေတောင်ပေါ်ရှိ လက်နက်ကြီးစခန်း နှင့် မြောက်ဦးရဲတပ်ရင်း၊ ရဲစခန်းများမှနေ၍ မြောက်ဦးမြို့နေရာအနှံ့အပြားသို့ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ ဤဖြစ်ရပ်နှင့်ပတ်သက်၍ အမှတ်(၇/၂၀၁၉) နေ့စွဲဖြင့် မိမိတို့အဖွဲ့အစည်းမှထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

ဘူးသီးတောင်မြို့နယ်၊ စံဂါးတောင်ကျေးရွာအတွင်း၌ တည်ထားသော(၃၁) ဘုံသမိုင်းဝင် ဘုရားရင်ပြင်ထက်၊ စံဂါးတောင်ရွာ၊နယုန်တောင်ရွာ၊၊ ရှပ်ရှားတောင်ရွာ၊ဥယျာဉ်သာရွာ၊ ဆင်သီပြင်ရွာများအတွင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်များ၌လှည့်ပတ်၍ ၂၀၁၉ ခုနှစ်အတွင်းလပေါင်းများစွာ စခန်းချတပ်စွဲနေထိုင်ခဲ့ကြသည်။ ဤကဲ့သို့စခန်းချတပ်စွဲထားရုံသာမက ၎င်းနေရာများမှ မြန်မာ့တပ်မတော်သည် လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေသောကြောင့် (၃၁) ဘုံဘုရား အားထိမှန်၍ ပျက်စီးမှုများစွာရှိခဲ့သည်။ ထို့အပြင် လက်နက်ကြီးပစ်ခတ်စဉ်အတွင်း တုန်ခါမှုများကြောင့် စေတီပုထိုးများ၌ အက်ကွဲကြောင်းများ၊ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ (၃၁) ဘုံဘုရား အားတပ်မ(၂၂) လက်အောက်ခံတပ်ရင်းများမှ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်၏ တပ်ရင်းဌာနချုပ်၊ ဗျုဟာကုန်း၊ လက်နက်ကြီးစခန်းများ၊ ရဲတပ်ရင်းများ၊ ရှေ့တန်းလှုပ်ရှားစစ်ကြောင်းများမှနေ၍ လက်နက်ကြီးများဖြင့် တိုက်ပွဲများဖြစ်ပွား၍ပစ်ခတ်တိုက်ခိုက်ခဲ့သည်သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူမျိုးရေးအမုန်းတရားများဖြင့် ဒေသခံပြည်သူလူထုများအားနေ့ညအချိန်မရွေးပစ်ခတ်တိုက်ခိုက်နေခဲ့သည့်အကြိမ်လည်းများစွာရှိခဲ့ပြီးဖြစ်သည်။

မြန်မာ့တပ်မတော်သည် မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ အမ်း၊ စသည့်ဒေသများအပါအဝင် တိုက်ပွဲဖြစ်ပွားနေသောပတ်ဝန်းကျင်များရှိ သာသနာ့နယ်မြေ၊ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၊ ဘုရားကျောင်းကန်၊ တန်စောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို ၎င်းတို့၏တပ်စခန်း၊ အမြောက်လက်နက်ကြီးစခန်း၊ ထောက်ပို့စခန်းများအဖြစ်အသုံးပြုလျက်ရှိသည်။ ဤသည်မှာ မြန်မာ့တပ်မတော်အနေဖြင့် ဂျနီဗာကွန်ဗင်းရှင်း နှင့် စစ်ပွဲများအတွင်းလိုက်နာကျင့်သုံးရသည့်နိုင်ငံတကာ စစ်ဥပဒေများကိုကိုဗြောင်ကျကျကျူးလွန်ဖောက်ဖျက်ခြင်းနေခြင်းပင်ဖြစ်သည်။

မိမိတို့အဖွဲ့အစည်းအနေဖြင့် မြန်မာ့တပ်မတော်မှ ကျူးလွန်လျက်ရှိသော သက်သေများကို နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့သွားမည်။ ရခိုင်ပြည်သူလူထုများအနေဖြင့်လည်း မြန်မာ့တပ်မတော်ကျူးလွန်နေသော ပြစ်မှုများအတွက် သက်သေအထောက်အထားများရှိပါက မိမိတို့၏ နီးစပ်ရာတပ်ဖွဲ့ဝင်များမှတစ်ဆင့် အမြန်ဆုံးပေးပို့ပေးကြပါရန် ထပ်မံတောင်းဆိုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this