၂၀၂၀ ပြည့်နှစ်၊ မတ်လ(၄)ရက်၊ဗုဒ္ဓဟူးနေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 04-Mar-2020

Nyo Twan Awng

(၁) ၂၀၂၀ ခုနှစ်၊ မတ်လ(၄) ရက်နေ့၊ နံနက်(၇) နာရီ အချိန်တွင် ရသေ့တောင်မြို့နယ်၊ အောင်သာစည်ရွာ၌ ယာယီတပ်စွဲထားသောမြန်မာ့တပ်မတော်၏ စစ်ကြောင်းတစ်ခုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများ(၆၀ မမ၊ RPG)၊လက်နက်ငယ်များဖြင့်  ကျောက်တန်းရွာ အတွင်းသို့ရည်ရွယ်ချက်ရှိရှိတမင်တကာပစ်ခတ်တိုက်မှုကြောင့်  ဦးအေးထွန်းအောင် ပိုင်ဆိုင်သောနေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့သည်။


(၂) မြောက်ဦးမြို့နယ်၊ ပိုးဖြူကျွန်း နှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ အကြား စစ်ဆင်ရေးသွားလာနေကြသည့် အင်အား(၈၀) ခန့်ပါရှိသောမြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ လေးမြို့မြစ်အတွင်း မတ်လ(၄) ရက်၊ နံနက်(၁၁) နာရီ(၃၀) မိနစ်မှစတင်၍မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။

(၃) မြောက်ဦးမြို့နယ်၊ပီးပင်ရင်းရွာနှင့် ပေါက်တောပြင်ရွာ အကြား၊ ကားလမ်းအနီး၌လည်း နံနက်(၁၁) နာရီ(၅၀) မိနစ်မှစတင်၍ မိနစ်အနည်းငယ်ကြာထိတွေ့မှု ဖြစ်ပွားခဲ့သည်။ 

(၄) မတ်လ(၄) ရက်၊ နံနက်(၇) နာရီခန့်မှစတင်၍ ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏ လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း)  ၏ အနောက်မြောက်ဖက် တွင် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ရန်သူသည် ညသန်းခေါင်အချိန်များ၌ ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်တိုက်ခိုက်ပြီးနောက် ယနေ့နံနက်တွင် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(၅) နေ့လည်(၀၂) နာရီခန့်အချိန်တွင် ရန်သူသည် တိုက်ဂျက်လေယာဉ်(၂) စီးဖြင့် ယခင်ထက်ပေါက်ကွဲအားပိုမိုပြင်းထန်သောဗုံးများဖြင့် "မီးချောင်း" ပတ်ဝန်းကျင်အား(၈) ကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့သကဲ့သို့ စက်သေနတ်များ၊ ရော့ကတ်များဖြင့်လည်း  (၂) နာရီခန့်လေကြောင်းမှလှည့်ပတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

(၆)  ကျောက်တော်မြို့နယ်၊မုန့်သန်းပြင်ကျေးရွာမှ (၉၂၀) မီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်လည်း ရဟတ်ယာဉ်(၄) စီးဖြင့် စစ်အင်အားထပ်မံဖြည့်တင်းသော မြန်မာ့တပ်မတော်၏ လူအင်အား(၁၀၀) ခန့်ပါစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့ ညနေ(၅) နာရီ (၀၈) မိနစ် မှ ည (၁၁) နာရီအထိတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ရန်သူသည် မုန့်သန်းပြင်၊ ကျောက်တန်းရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန့်သူ့အလောင်း(၃) လောင်း၊ ရန့်သူ့လက်နက်ခဲယမ်းအချို့ကိုသိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ 

(၇) ညနေ(၆) နာရီ(၃၅) မိနစ်တွင်လည်း မြန်မာ့တပ်မတော်သည် မီးဝအထက်ဖက်၊ ပွီဟုန်းရွာအား ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ပွီဟုန်းရွာအတွင်းရှိ လူနေအိမ်(၅) လုံးမီးလောင်ပျက်စီးခဲ့သည်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများအနီးလက်နက်ကြီးများကျရောက်ပေါက်ကွဲကာရွာသား(၂) ဦးလက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး(၂) ဦးဒဏ်ရာရရှိထားကြောင်းကနဦးသိရှိရသည်။

ယခုရက်သတ္တပတ်အတွင်း ရန်သူသည် ကျေးရွာများအတွင်းရမ်းသန်းပစ်ခတ်ခြင်းထက် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်မှုများကိုပိုမိုလုပ်ဆောင်လာခြင်း၊ လက်နက်ခဲယမ်း၊စစ်အင်အားများကိုထပ်မံဖြည့်တင်းခြင်း စသည်တို့ကိုဆက်တိုက်လုပ်ဆောင်နေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်စွာလုပ်ဆောင်နေခဲ့သည်။ ထို့ကြောင့်တိုက်ပွဲများဆင်လက်ဖြစ်ပွားနေပြီး တစ်ရက်ထက်တစ်ရက်ပိုမိုပြင်းထန်လျက်ရှိသည်။


သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this