မြန်မာ့တပ်မတော်မှမီးရှို့ဖျက်ဆီးထားသောမီးလက်ဝကျေးရွာ(အောက်ရွာ)နှင့်ပတ်သက်၍ထုတ်ပြန်ကြေညာချက်

blog

Date : 27-May-2020

Nyo Twan Awng
Nyo Twan Awng

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်
၁၃၈၂ ခုနှစ်၊ နယုန်လဆန်း (၆) ရက်
၂၀၂၀ ပြည့်နှစ်၊ မေလ (၂၇) ရက်

မြန်မာ့တပ်မတော်မှမီးရှို့ဖျက်ဆီးခဲ့သော ပလက်ဝမြို့နယ်၊ မီးလက်ဝကျေးရွာ(အောက်ရွာ) နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

    ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၆) ရက်၊ နေ့လယ် (၂) နာရီ (၄၀) မိနစ်ခန့်မှစတင်ပြီး ပလက်ဝမြို့နယ်အတွင်းရှိ မီးလက်ဝကျေးရွာ(အောက်ရွာ)အား မြန်မာ့တပ်မတော်၏ အင်အား (၅၀) ခန့်ပါ စစ်ကြောင်းတစ်ခုမှ မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် မီးလောင်နေ၍ မီးငြိမ်းသတ်ရန်သွားကြသည့် ၎င်းပတ်ဝန်းကျင်မှ ရွာသားများကိုလည်း မြန်မာ့တပ်မတော်သည် မီးလက်ဝကျေးရွာ(အောက်ရွာ)အတွင်းမှ သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အသက်ကြီးပိုင်း ရွာစောင့်အဘိုးအို (၂) ဦး မှာလည်း ၎င်းရွာအတွင်းကျန်ရစ်ခဲ့ပြီး အဆက်အသွယ်မရဖြစ်လျက်ရှိသည်။ မြန်မာ့တပ်မတော်သည် ကျေးရွာအချို့အား မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာအတွင်း၊ လူသွားလမ်း၊ လူနေအိမ်၊ ဘုရားကျောင်း၊ စာသင်ကျောင်းများအနီး၌ စွန့်လွှတ်မိုင်း၊ တိုက်မိုင်းများထောင်ထားလေ့ရှိသောကြောင့် အထူးဂရုပြုသွားလာကြပါရန် သတိပေးအပ်ပါသည်။

မီးလက်ဝကျေးရွာတွင် “အထက်မီးလက်ဝရွာ” နှင့် “အောက်မီးလက်ဝရွာ” ဟူ၍ နှစ်ပိုင်းခွဲထားသည်။ မြန်မာ့တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့သည့် အောက်မီးလက်ဝကျေးရွာတွင် ခူမီးလူမျိုးများနေထိုင်ပြီး အိမ်ခြေ (၁၂၉) ဆောင် ရှိသည်။ အဆိုပါရွာမှာ မြန်မာ့တပ်မတော်၏ လက်နက်ကြီးဒဏ်ကိုကြောက်လန့်၍ ရွာလုံးကျွတ် တိမ်းရှောင်ထွက်ပြေးနေကြရသည့်ရွာများထဲမှ တစ်ရွာဖြစ်သည်။ ရွာသူ၊ ရွာသားများမရှိသည့်အချိန်၌ မြန်မာ့တပ်မတော်မှ ရွာအတွင်းဝင်ရောက်ပြီး ရွာသားများပိုင်ဆိုင်သည့်ပစ္စည်းများအား ခိုးယူခြင်း၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များကို ခိုးယူသတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းတို့အပြင် လက်နက်ကြီးများဖြင့် ရွာအတွင်း ပစ်ခတ်တိုက်ခိုက်ကာ ရွာလုံးကျွတ်မီးရှို့သည့်လုပ်ရပ်များကို မြန်မာ့တပ်မတော်မှ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။

    မြန်မာ့တပ်မတော်မှ ၂၀၂၀ ပြည့်နှစ်၊ မေလတစ်လလုံးအတွင်း မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများဖြစ်ကြသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၊ အမ်းမြို့နယ် ဒါးလက်အလယ်ကျွန်းကျေးရွာ နှင့် ဆင်ဦးတိုက်ကျေးရွာ၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ် ဒိုးတန်းကျေးရွာနှင့် ပလက်ဝမြို့နယ် နန်းချောင်းဝကျေးရွာများအပြင် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကျေးရွာများ မြောက်များစွာရှိခဲ့ပြီးဖြစ်ပါသည်။
    ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုများ၏ဒေသများ၌ မြန်မာ့တပ်မတော်သည် ၎င်းတို့၏ ဖြတ်လေးဖြတ် ဗျူဟာအရ တော်လှန်ရေးသမားများအား သတင်းအချက်အလက်၊ ရိက္ခာများပြတ်တောက်စေရန်နှင့် ကျေးရွာများအတွင်း ခိုအောင်း၍မရနိုင်စေရန် တိုင်းရင်းသားလူမျိုးစုများ၏ ကျေးရွာများကိုမီးရှို့ကာ မြေလှန်ဖျက်ဆီးလေ့ရှိသည်။ ဤကဲ့သို့ ဗမာမဟုတ်သော တိုင်းရင်းသားနယ်မြေများအတွင်းရှိ ကျေးရွာများကို မြန်မာ့တပ်မတော်မှ အညှာအတာကင်းမဲ့စွာဖြင့် မီးရှို့ဖျက်ဆီးနေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီး မြန်မာ့တပ်မတော်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးအတွင်း လုပ်လေ့လုပ်ထရှိသော လုပ်ရပ်တစ်ခုသာဖြစ်သည်။ ဤလုပ်ရပ်မှာ မြန်မာ့တပ်မတော်၏ ကမ္ဘာသိထင်ရှားသော မူပိုင်ဝိသေသ အကျင့်ဆိုးလက္ခဏာတစ်ခုအဖြစ် နိုင်ငံတကာမှ လက်ခံမှတ်ယူထားပြီးဖြစ်သည်။

    ထို့အပြင် မြန်မာ့တပ်မတော်သည် ၎င်းတို့၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီး ကျည်ဆံများထိမှန်ခဲ့သည့် လူနေအိမ်အချို့ကို တပါတည်းမီးရှို့ဖျက်ဆီးကာ သက်သေအထောက်အထားများကို ဖျောက်ဖျက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် မီးလက်ဝကျေးရွာ(အောက်ရွာ)အား မီးရှို့ဖျက်ဆီးခဲ့သည်မှာ လူမျိုးရေး အစွန်းရောက် စစ်ရာဇဝတ်နယ်ချဲ့သောင်းကျန်းသူ မြန်မာ့တပ်မတော်သာဖြစ်ပြီး မိမိတို့နှင့်သက်ဆိုင်မှုမရှိပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .