ဗမာ့လက်နက်ကိုင်တပ်မှပုဏ္ဏားကျွန်းမြို့အတွင်းသို့ဝင်ရောက်ပြီးအကြမ်းဖက်ခြင်းနှင့်ပတ်သက်၍ဖြစ်စဉ်ဖြစ်ရပ်

blog

Date : 13-Jun-2020

Nyo Twan Awng

လူမျိုးရေးအစွန်းရောက်ဗမာ့လက်နက်ကိုင်တပ်(တပ်မတော်) မှ ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့အတွင်းဝင်ရောက်၍ အကြမ်းဖက်ခြင်း၊ လုယက်ခြင်း၊ ပြည်သူလက်နက်ဖြင့်ခြိမ်းခြောက်ခြင်း၊ လမ်းသွားလမ်းလာအပြစ်မဲ့အရပ်သားပြည်သူလူထုများအား လမ်းမအလယ် ၌ပစ်ခတ်သတ်ဖြတ်ခြင်းများနှင့် ပတ်သက်၍ဖြစ်စဉ်ဖြစ်ရပ်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၂) ရက်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၁) ရက်၊နံနက်(၇) နာရီ(၃၀) မိနစ်တွင် ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးနှင့် အေးစေတီဘုရားအနီး၌ ရခိုင်ပြည်ကိုလာရောက်ပြီးအကြမ်းဖက်သောင်းကျန်းနေသော လူမျိုးရေးအစွန်းရောက်ဗမာ့လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦးအား စစ်ဆေးရန်အတွက်အသာတကြည် ခေါ်ယူစဉ် ၎င်းတို့တွင်ပါလာသောလက်နက်ဖြင့်ခုခံသောကြောင့် မိမိတို့ဖက်မှလည်းပြန်လည်ခုခံစဉ် တစ်ဦးကိုလက်ရဖမ်းဆီးရမိပြီး သေနတ်ဖြင့်ခုခံသော တပ်ထောက်ဗိုလ်-ဟိန်းမိုးအောင်မှာ အခင်းဖြစ်ပွားပြီးမကြာမီသေဆုံးခဲ့ရသည်။

ထို့နောက်တွင် ပုဏ္ဏားကျွန်းမြို့၊ အခြေစိုက်၊ခမရ(၅၅၀) မှ အင်အား(၄၀) ပါစစ်ကြောင်းသည် နံနက်(၈) နာရီ(၃၀) မိနစ်တွင်  ကျောင်းကြီးလမ်းအတိုင်း ဝင်ရောက်လာပြီး အေးစေတီဘုရားအနီး၌ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်လုပ်ရပ်ကိုစတင်လုပ်ဆောင်ခဲ့သည်။ တပြိုင်နက်တည်းတွင် အေးစေတီအနီးရှိ "စိုးဟိန်းဖုန်းဆိုင်"၊"ကိုမွှေးမောင်ဖုန်းဆိုင်"၊ မြို့မဈေးအတွင်းရှိ"သိန်းဖုန်းဆိုင်"၊"အောင်ကျော်သိန်းဖုန်းဆိုင်" တို့အား လူမိုက်ဆန်စွာ ဖျက်ဆီးခဲ့သည်။ ထို့အပြင်အေးစေတီဘုရားအနီးရှိ ကွမ်းယာဆိုင်၊မုန့်ဆိုင်များနှင့် ခုံတန်းများကိုပါရိုက်ချိုးဖျက်ဆီးခဲ့သည်။ဗဟိုဆေးဆိုင်မှ"ပိုင်ရှင် ဦးအသိန်းချေနှင့် ဇနီး၊ဆိုင်ဝန်ထမ်းတစ်ဦးတို့ ခမရ(၅၅၀) အတွင်းသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။






ထို့ကြောင့် အဆိုပါဖုန်းဆိုင်များမှာ ပျက်စီးခဲ့ရသည့်အပြင် ဖုန်းဆိုင်အတွင်းရှိဖုန်းများကိုပါ အကြမ်းဖက်သောင်းကျန်းသူတပ်ဖွဲ့၊ခမရ(၅၅၀) တပ်ရင်း၏တပ်ဖွဲ့ဝင်များမှ ခိုးယူသွားခဲ့သည်။ "စိုးဟိန်းဖုန်းဆိုင်" မှ ဖုန်းအလုံးရေ(၆၀) ကျော်အခိုးခံခဲ့ရသည်။(ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း(၂၀၀) ခန့်ဆုံးရှုံးခဲ့ရသည်)

နံနက်(၁၀) နာရီခန့်တွင် အင်အား(၃၀) ခန့်ပါ ခမရ(၅၅၀) ၏နောက်ထပ်စစ်ကြောင်းတစ်ခုသည် ပုဏ္ဏားကျွန်းမြို့အတွင်းသို့ထပ်မံဝင်ရောက်လာပြီး မြို့သစ်ရပ်ကွက်၊ ရွှေတောင်ကြားလမ်း၊သင်္ဘောဆိပ်ဟောင်း၊ဘုတ်ဆိပ်၊ပန်းပဲတန်း၊စံပြရပ်ကွက် ၊လောကမာရဇိန်ဘုရားကြီးနား နှင့် ခမရ(၅၅၀) ပတ်ဝန်းကျင်များ၌ အသီးသီးတပ်ဖြန့်နေရာယူပြီး လမ်း၌တွေ့သမျှ ပုဏ္ဏားကျွန်းမြို့သူ၊မြို့သားများ၊ ပြည်သူလူထုများအား "လူမျိုးရေးအမုန်းတရားများကိုအခြေခံသည့် နယ်ချဲ့ကျူးကျော်သူတို့၏ စရိုက်လက္ခဏာအတိုင်း"  သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက် ကာ အကြမ်းဖက်သတ်ဖြတ်သည့်လုပ်ရပ်များကိုမိုက်မိုက်ကန်းကန်းလုပ်ဆောင်ခဲ့သည်။

ထိုသို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စံပြရပ်ကွက်နေ၊ ဦးညီညီမှာ သေနတ်ထိမှန်ပြီး လမ်းမထက်၌သေဆုံးခဲ့ရသည်။ အဖ ဦးထွန်းစိန်၊ အမိ ဒေါ်မနီခိုင်တို့၏သားဖြစ်သူ အသက်(၄၅) နှစ်အရွယ် ဦးညီညီသည် စိတ်ကျန်းမာရေးမကောင်းသူတစ်ယောက်ဖြစ်ကြောင်း ပုဏ္ဏားကျွန်းတစ်မြို့လုံးအသိဖြစ်သည်။ ခမရ(၅၅၀) မှ ပစ်ခတ်၍ ပွဲချင်းပြီးသေဆုံးခဲ့သည်ကို လုပ်ကြံဖန်တီးထားသောသက်သေအတုများဖြင့် မြန်မာ့တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်မှာ လွန်စွာအောက်တန်းကျလှသည်။ဤသည်မှာ မြန်မာ့တပ်မတော်၏ လုပ်လေ့လုပ်ထရှိသော လုပ်ရပ်တစ်ခုလည်းဖြစ်သည်။

ခမရ(၅၅၀) မှ ပုဏ္ဏားကျွန်းမြို့အတွင်း အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်နေသည့်အကြားထဲမှ ကံကောင်း၍ လွတ်မြောက်လာသူများစွာရှိသည်။ သို့မဟုတ်ပါက အပြစ်မဲ့အရပ်သားပြည်သူလူထု အစုလိုက်၊အပြုံလိုက်သေဆုံးနိုင်သည်။

ထို့နောက်တွင် ရွှေတောင်ကြားလမ်း၊စိုက်ပျိုးရေးရုံးရှေ့မှ ဦးဘဌေးအိမ်အားလည်းကောင်း၊ရွာဟောင်းဖက်၊ ဦးမောင်ဘု သစ်စက်အားလည်းကောင်းဝင်ရောက်စစ်ဆေးခဲ့သည်။

ညနေ(၉) နာရီခန့်အထိ အကြမ်းဖက်ခြင်း၊ သေနတ်ဖြင့် မြို့ကိုပတ်၍ ပစ်ဖောက်ကာ ပြည်သူလူထုအတွင်းအကြောက်တရားများဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့သည်။ အရပ်သားပြည်သူလူထုများကို အကြမ်းဖက်ကာပြန်ပေးဆွဲထားခြင်းနှင့်တူသည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၂) ရက်၊ နံနက်(၇) နာရီခန့်တွင်လည်း ခမရ(၅၅၀) မှ အင်အား(၁၀) ကျော်ပါစစ်ကြောင်းတစ်ခုသည် ယမန်နေ့နည်းတူ အကြမ်းဖက်သတ်ဖြတ်ရန် ပုဏ္ဏားကျွန်း၊ ဈေးအတွင်းဝင်ရောက်လာသောကြောင့် ဈေးရောင်းချနေသူများမှာ မိမိတို့ရောင်းချနေသော သား၊ငါး၊ဟင်းသီးဟင်းရွက်များကိုထားကာ တိမ်းရှောင်ခဲ့ကြရသည်။

ဈေးရောင်းချနေသူများမရှိ၍ ပိုင်ရှင်မဲ့ သား၊ငါး၊ဟင်းသီးဟင်းရွက်များကို အဆိုပါ စစ်ကြောင်းမှ ခိုးယူ၊လုယက်သွားခဲ့သည်။ ထို့အပြင် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်တို့အား လက်နက်ဖြင့် ခြိမ်းခြောက်လျက်ရှိသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်သူလူထုများကို အကြမ်းဖက်သတ်ဖြတ်နေသော လူမျိုးရေးအစွန်းရောက်ဗမာ့လက်နက်ကိုင်တပ်(တပ်မတော်) ၊ ရခိုင်ပြည်သူလူထုမှ အလိုမရှိသော အစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင်များကို မောင်းထုတ်သွားမည်။လက်စားချေတုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this