WFP နှင့်ပတ်သက်၍ နိုင်ငံရေးအရ လီဆယ်ထုတ်ပြန်ထားသောသတင်းများအပေါ် ULA/AA မှ ရှင်းလင်းချက် - အပိုင်း(၁)

blog

Date : 04-May-2020

Nyo Twan Awng

ဗမာလူမိုျးရေးအစွန်းရောက် စစ်ရာဇဝတ်ကောင် မြန်မာ့တပ်မတော် ၊ မြန်မာအစိုးရ၏ နိုင်ငံတော်သမ္မတရုံး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မှ WFP နှင့်ပတ်သက်၍ နိုင်ငံရေးအရ လီဆယ်ထုတ်ပြန်ထားသော သတင်းများအပေါ်  ULA/AA မှ ရှင်းလင်းချက် - အပိုင်း(၁)

၂၀၂၀ ပြည့်နှစ်၊ မေလ(၄) ရက်

(၁) WFP ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ပလက်ဝမြို့သို့ အရေးပေါ်စားနပ်ရိက္ခာများပို့ဆောင်ရေးခရီးစဉ်ပြီးမြောက်အောင်မြင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊မေလ(၃) ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်ကိုတွေ့ရှိရပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသောစားနပ်ရိက္ခာများ ပလက်ဝဒေသရှိစစ်ဘေးရှောင်ပြည်သူလူထုများလက်ထဲသို့အချိန်မီရောက်ရှိနိုင်ရေးအတွက် မိမိတို့အဖွဲ့အစည်းအနေဖြင့် တတ်နိုင်သောအကူအညီ နှင့် ကာကွယ်စောင့်ရှောက်မှုများဖြင့်ပံ့ပိုးကူညီခဲ့ကြောင်း ULA/AA မှ၂၀၂၀ ပြည့်၊မေလ(၁) ရက်နေ့စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။


(၂) ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၃၀) ရက်နေ့၌ မြန်မာ့တပ်မတော်မှ မိမိတို့အဖွဲ့အစည်းအပေါ်"ပလက်ဝဒေသအတွင်းရှိစစ်ဘေးရှောင်နှင့်ဒေသခံပြည်သူလူထုများအတွက် WFP မှထောက်ပံ့သောဆန်အိတ်များကိုသယ်ဆောင်လာသည့် ကုန်တင်ယာဉ်များအား ရက္ခိုင့်တပ်တော်မှ နှောင့်ယှက်ပစ်ခတ်သည်" ဟူသောသတင်းထုတ်ပြန်ချက်၊ မေလ(၁) ရက်နေ့၌ နိုင်ငံတော်သမ္မတရုံးမှ ပြုလုပ်သောသတင်းမီဒီယာများနှင့် အွန်လိုင်းဆက်သွယ်ချိတ်ဆက်ရှင်းလင်းပွဲ၌ ဦးဇော်ဌေးမှ တစ်ဖက်သတ်ထပ်ဆင့်စွပ်စွဲပြောဆိုချက်"နှင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ပြီးဌာနမှ မေလ(၃) ရက်နေ့၌ ထုတ်ပြန်ခဲ့သော“ News Updates on Rakhine( Arakan) State-1" ၌ရေးသားထားသော" AA attacks WFP’s aid convoy destined for Paletwa” ဟူသောတစ်ဖက်သတ်ထပ်ဆင့်စွပ်စွဲရေးသားချက်များမှာမိမိတို့အဖွဲ့အစည်းအပေါ်နိုင်ငံရေးအရလုပ်ကြံစွပ်စွဲချက်များသာဖြစ်၍ပြတ်သားစွာငြင်းလိုက်သည်။

(၃) ရက္ခိုင့်တပ်တော် အနေဖြင့် WFP ကုန်တင်ယာဉ်တန်းအားပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းလုံးဝမရှိပါ။"အဆိုပါကိစ္စရပ်များမှာ မိမိတို့အဖွဲ့အစည်း နှင့် လုံးဝသက်ဆိုင်မှုမရှိ"ဆိုသည်ကို WFP နှင့်တကွ ပြည်သူလူထုအပေါင်းတို့အား လေးစားစွာအသိပေးရှင်းလင်းထားပြီးဖြစ်ပါသည်။ 

(၄) WFP ကုန်တင်ယာဉ်(၅) စီးအား မြန်မာ့တပ်မတော်မှ တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်ရွေးချယ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါ WFPကုန်တင်ယာဉ်ကား(၃) စီး နှင့် ကားမောင်းသူ(၁) ဦးအား လက်နက်ငယ်အစထိမှန်သွားသည့် လုပ်ရပ်မှာ မြန်မာ့တပ်မတော်၏အကွက်ကျကျစီစဉ်ပြီး မိမိတို့အဖွဲ့အစည်းအပေါ်နိုင်ငံရေးအရ လုပ်ကြံသည့်လုပ်ရပ်တစ်ခုသာဖြစ်ပါသည်။

(၅) မြန်မာအစိုးရပိုင် သတင်းမီဒီယာများ၊ အစိုးရ နှင့် မြန်မာ့တပ်မတော်၏ကျောထောက်နောက်ခံသတင်းမီဒီယာများ၊ မြန်မာအစိုးရ၏ဝန်ကြီးဌာနများမှ မိမိတို့အဖွဲ့အစည်းအပေါ်တစ်ဖက်သတ်စွပ်စွဲထားသောသတင်းကို သတင်းမှန်သဖွယ်ပြောဆိုနေခြင်း၊ ရေးသားနေခြင်းမှာ မြန်မာ့တပ်မတော်မှ ပြုလုပ်ခဲ့သောပြစ်မှုကို မြန်မာအစိုးရမှ ဖုံးကွယ်ပေးနေခြင်းသာဖြစ်သည်။၎င်းတို့သည်အဆိုပါကိစ္စအားအလိုတူအလိုပါပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သွယ်ဝိုက်ပြောဆိုနေခြင်းပင်ဖြစ်သည်။

(၆) မြန်မာ့တပ်မတော်ဖက်မှ လုံခြုံရေးကိုအကြောင်းပြကာ WFP မှ စားနပ်ရိက္ခာထောက်ပံ့ရေးခရီးစဉ်နှင့်ပတ်သက်၍၎င်းတို့စိတ်ကြိုက်လုပ်ဆောင်ခဲ့ခြင်း၊ ချမှတ်ထားသည့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲလူသားချင်းစာနာထောက်ထားမှုဖြင့် အကူအညီပေးနေကြသော WFP ကုန်တင်ယာဉ်တန်းများနှင့် အခြားသောကားများကို အကာအကွယ်ကာယူပြီး စစ်ရေးလှုပ်ရှားခဲ့ခြင်းများကို ကာယကံရှင်များအသိပင်ဖြစ်ပါသည်။ 

(၇) အခင်းဖြစ်ပျက်ခဲ့သည့် ဧပြီလ(၂၉) ရက်နေ့  တွင်" ရဒိန်ကျေးရွာ"ပတ်ဝန်းကျင်သို့ WFP ကုန်တင်ယာဉ်များ ညအချိန်၌ဖြတ်သန်းခိုင်းခြင်းမှာမိမိတို့ ရက္ခိုင့်တပ်တော်အား အပြစ်ပုံချရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကွက်ကျကျဖန်တီးခြင်းသာ ဖြစ်ပါသည်။

(၈) WFP အနေဖြင့်လည်း NLD ဦးဆောင်မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်တို့အကြား ယခုကိစ္စနှင့်ပတ်သက်၍ ခရီးစဉ်အစမှအဆုံးအထိမှတ်တမ်းများ၊ ဖြစ်ရပ်မှန်များရှိလိမ့်မည်ဟု မိမိတို့အနေဖြင့်အပြည့်အဝယုံကြည်ပါသည်။ ယခုကိစ္စ၏လက်သည်တရားခံအစစ်အမှန်ကိုလည်းသိရှိထားပြီးဖြစ်လိမ့်မည်ဟုယူဆပါသည်။ထို့အပြင် ဖြစ်ရပ်တွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသောကားမောင်းသူများ၊ စီမံခန့်ခွဲသူများကို မေးမြန်းခြင်းဖြင့်လည်း အမှန်တရားများထင်ရှားစွာထွက်ပေါ်လာနိုင်မည်ဟု ယုံကြည်မိပါသည်။ 


(၉) WFP  မှစားနပ်ရိက္ခာများသယ်ဆောင်လာသည့်ကုန်တင်ယာဉ်ကားများကိုမှ တသီးတသန့်ရွေး ၍ပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာ စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်၏လုပ်ရပ်သာဖြစ်သကဲ့သို့ WHO ၊ ICRC၊ နှင့် အရပ်သားကားများ၊ ကုမ္ပဏီကားများကို ယခုနည်းတူပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာလည်း မြန်မာ့တပ်မတော်၏လက်ချက်သာဖြစ်ကြောင်း ပြောလိုပါသည်။ တဆက်တည်းတွင် မြန်မာ့တပ်မတော်မှ အဆိုပါကိစ္စရပ်များနှင့် မိမိတို့အဖွဲ့အစည်းအပေါ်အခြေအမြစ်မရှိသော ကျိုးကြောင်းဆီလျော်မှုမရှိသည့် တစ်ဖက်သတ်စွပ်စွဲချက်များအားလုံးကိုပြတ်သားစွာငြင်းဆိုပြီးပြင်းထန်စွာရှုတ်ချပါသည်။

(၁၀) ICRC၊ WHO၊ WFP ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းများ နှင့် အရပ်သားများကို ရခိုင်၊ပလက်ဝဒေသများအတွင်းခရီးသွားလာခြင်းအပေါ် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့ပူးပေါင်းပြီး အကွက်ဆင်လုပ်ကြံရန် ထောင်ချောက်အတွင်းပို့ဆောင်ခဲ့သော နိုင်ငံရေးလုပ်ကြံမှုများသာဖြစ်ပါသည်။ ကြိုတင်အကွက်ချလုပ်ကြံမှု၊ ကလိန်ကကျစ်ကျယုတ်မာမှု၊အန္တရာယ်ရှိပြီး လူစိတ်ကင်းမဲ့မှုများကို မြန်မာအစိုးရ နှင့်မြန်မာ့တပ်မတော်တို့၏ တစ်ဖက်သတ်ထုတ်ပြန်ချက် နှင့် ၎င်းတို့၏ပြောစကားများကိုကြည့်၍ သိသာထင်ရှင်းစွာတွေ့မြင်နိုင်ပါသည်။ 

(၁၁) ICRC၊ WHO၊ WFP မှဝန်ထမ်းများ၊ အရပ်သားများကို ခုတုံးလုပ်အသုံးချ၍သတ်ကွင်းထဲပို့ဆောင်ခဲ့ကြောင်း အထောက်အထားအချို့မှာမိမိတို့ထံတွင်ရှိပြီး သက်သေအထောက်အထားများကို သက်ဆိုင်သူအဖွဲ့အစည်းများထံပေးပို့သွားမည်ဖြစ်ပါသည်။ ICRC , WFP နှင့်  နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ခရီးသွားလာရေးနှင့်ပတ်သက်၍ လုံခြုံရေးဆောင်ရွက်မှု၊ သတင်းအချက်အလက်မျှဝေပေးမှုအပေါ်  မည်သူကမည်ကဲ့သို့ ပံ့ပိုးကူညီဆောင်ရွက်နေသည်ကို ကာယကံရှင်အဖွဲ့အစည်းများအနေဖြင့် အသိဆုံးဖြစ်ပါသည်။

အပိုင်း(၂) အားဆက်လက်ဖော်ပြပါမည်။


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .