၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂)ရက်၊တနင်္လာနေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 02-Mar-2020

Nyo Twan Awng

(၁) မတ်လ(၁) ရက်၊ညသန်းခေါင်(၁၂) နာရီခန့် (တနည်း) မတ်လ(၂)ရက်သို့ကူးပြောင်းသည့်အချိန်မှစတင်ပြီး ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏ လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း)  ပတ်ဝန်းကျင်သို့ မြန်မာ့တပ်မတော်သည် ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် (၁၀) မိနစ်ခန့်နှစ်ကြိမ် ညသန်းခေါင်၌ခိုးကြောင်ခိုးဝှက်အလစ်အငိုက်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂) ထို့အတူ ကျောက်တော်မြို့နယ်၊ ( ဝက်မကျရွာနှင့် တင်းမရွာအကြား) တင်းမရွာပတ်ဝန်းကျင်သို့ မြန်မာ့တပ်မတော်သည် ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် (၁၀) မိနစ်ခန့်နှစ်ကြိမ် တိုင်ညသန်းခေါင်၌လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

လချီနီးပါးကြာတိုက်ပွဲဖြစ်ပွားနေသောအဆိုပါနေရာ(၂) နေရာသို့ မြန်မာ့တပ်မတော်၏လေတပ်သည်ညသန်းခေါင်အချိန်၌ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် အလစ်အငိုက်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ(၅) ရက်နေ့မှစတင်ဖြစ်ပွားခဲ့သောဗျူဟာကုန်းပတ်ဝန်းကျင်၌ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်မှာမတ်လ(၂)ရက်နေ့သို့ရောက်ရှိလာခဲ့ကာ တစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။ 

သို့သော်လည်းယခင်နေ့ရက်များကဲ့သို့ ဗျူဟာကုန်းပတ်ဝန်းကျင်၌ အပြန်အလှန်ထိုးစစ်တိုက်ပွဲများမှာကြီးကြီးမားမားဖြစ်ပွားခဲ့ခြင်းမရှိဘဲ တိုက်ပွဲငယ်များအဖြစ်သာကြိုကြားကြိုကြားဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ 

အဆိုပါ ရန်သူ့ဗျူဟာကုန်းအား မိမိတို့မှဆက်လက်ပိတ်ဆို့ထားဆဲပင်ဖြစ်သည်။ မြန်မာ့တပ်မတော်၏သမိုင်းတွင်လည်း ၎င်းတို့၏ဗျူဟာစခန်းတစ်ခုအား သူပုန်အဖွဲ့တစ်ခုမှလချီနီးပါးအပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်ခံရဖူးသည်မှာလည်းမှတ်တမ်းဝင်လောက်ပေသည်။ 

(၃)တပြိုင်နက်တည်းတွင်ရန်သူ၏ စစ်ကူစစ်ကြောင်းများနှင့် ရက္ခိုင့်တပ်တော်၊ဖြတ်တောက်ရေးစစ်ကြောင်းတို့သည် နေရာအချို့၌တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ 

(၄) မတ်လ(၂) ရက်၊ နံနက်(၇) နာရီ(၄၀) မိနစ်အချိန်တွင် ရမ်းဗြဲမြို့နယ်၊ စစ်ပြားရွာနှင့် ရမ်းသစ်ချေရွာကြား၌ အင်အား(၈၀) ခန့်ရန်သူ့စစ်ကြောင်းတစ်ခုအား မိမိတို့ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ(၃) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထို့နောက်ရန်သူသည်၎င်းတို့၏လုပ်နေကျထုံးစံအတိုင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

(၅) မတ်လ(၂) ရက်နေ့တွင်လည်း ယမန်နေ့နည်းတူစစ်ရာဇဝတ်နယ်ခဲျ့တပ် မြန်မာ့တပ်မတော်သည် ရဟတ်ယာဉ်၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းရွာ၊ အောင်သာစည်ရွာများအနီး၌တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်နေခြင်းများကိုပြုလုပ်နေခဲ့သည်။

မြန်မာ့တပ်မတော်သည်စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းခြင်းများကိုလည်း ရခိုင်ဒေသရှိနေရာအနှံ့သို့အရှိန်အဟုန်မြှင့်စွာပြုလုပ်လျက်ရှိသည်။

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာ ပတ်ဝန်းကျင်အနှံ့အပြားသို့နေ့လည်(၁)နာရီခန့်မှစတင်ပြီး မြန်မာ့တပ်မတော်၏ ရေစိုးချောင်းဗျူဟာ၊ ရသေ့တောင်အခြေစိုက်ခမရ(၅၃၇) တပ်ရင်းများမှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောင်သာစည်ရွာ နှင့် ကျောက်တန်းရွာ ပတ်ဝန်းကျင်များသို့ ယမန်နေ့နည်းတူရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

ထို့ကြောင့် စစ်ဘေးရှောင်နေကြ၍ရွာသူရွာသားများမရှိသော ကျောက်တန်းရွာအတွင်း လက်နက်ကြီးကျည်(သို့မဟုတ်) ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူနေအိမ်အချို့ထပ်မံမီးလောင်ပျက်စီးခဲ့သည်။ 

မြန်မာ့တပ်မတော်သည် အင်တာနက်လိုင်းများကိုဖြတ်တောက်ပြီးနောက် စစ်ရာဇဝတ်ကျူးလွန်မှုများကို အတင့်ရဲစွာဖြင့် ဗြောင်ကျကျကျူးလွန်နေဆဲပင်ဖြစ်သည်။ မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏ ယခုကဲ့သို့စစ်ရာဇဝတ်ကျူးလွန်မှုအသစ်များကို ပြုစု၍နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်။ 

ကျူးလွန်ခံရသောမိဘပြည်သူများအနေဖြင့်လည်း သက်သေအထောက်အထားများ၊ မှတ်တမ်းများကို မိမိတို့၏ နီးစပ်ရာတပ်ဖွဲ့ဝင်များမှ တစ်ဆင့်ပေးပို့ကြရန်ကိုလည်း တိုက်တွန်းအပ်ပါသည်။

သတင်းနှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this